မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှခွကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တို့ဖြင့် နေ့စဥ်ပစ်ခတ် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှခွကျေးရွာအနီးရှိ စစ်ကောင်စီ ရဲစခန်းနှင့် တံတားဂိတ်စခန်းကို တော်လှန်ရေး ပူပေါင်းစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့တို့က လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင် ဝင်ရောက်တိုက်ခိုက်ရာမှ ယနေ့အချိန်ထိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်ဖြင့် တစ်ရက်လျှင် အနည်းဆုံး ငါးကြိမ် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။
“၁၁ လ ပိုင်းကနေ စပြီး ဒီနေ့အချိန်ထိပဲ လက်နက်ကြီးအသံတွေကြားနေရတယ်။ အရင်က နှစ်ဖက်စလုံးပစ်နေကြတာပေါ့။ အခုက တော်လှန်ရေးဘက်က ရပ်လိုက်ပြီး စစ်တပ်ဘက်ကပဲ ညပိုင်းဆို အလုံးကြီးတွေနဲ့ ပစ်တယ်။ နေ့တိုင်းလိုလိုပစ်တယ်၊ တစ်ညကို အနည်းဆုံး ၅ လုံးဝန်းကျင် အလုံးကြီးတွေကျနေတယ်။ အိမ်တွေ လယ်တွေလည်း ထိတယ်၊ ရွာသားတချို့ ထိတဲ့လူလည်း ရှိတယ်။ အခုအခြေအနေမှာ ရွာမှာလည်း လူတွေ သိပ်မရှိကြတော့ဘူး။ ထွက်ပြေးကုန်ကြပြီ” ဟု ချောင်နှစ်ခွဒေသခံတစ်ဦးဖြစ်သူ အဲနောက ပြောသည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ တိုက်နယ်ရဲစခန်းမှ ချောင်းနှစ်ခွအနီးတဝိုက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များဖြင့် ယင်းကဲ့သို့ နေ့စဥ်ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။
အချိန်နှစ်လကျော်ကြာမြင့်လာပြီးဖြစ်သည့် ကျိုက်မရောတိုက်ပွဲကာလအတွင်း အရပ်သားများ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး ကျွဲ၊ နွား တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် လူနေအိမ်များလည်း ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“ကျမတို့ရွာက စစ်တပ်နဲ့နီးနီးလေးပဲ။ ညဘက်ဆို သူများရွာမှာ သွားအိပ်ရတယ်။ ဒီမှာမနေရဲဘူး။ ခြံမရှိတဲ့လူလို သူများခြံမှာသွားနေ၊ လူထောင်နဲ့ချီပြီး နေကြတယ်။ သူများရွာမှာ သွားနေတဲ့လူလည်း ရှိတယ်၊ ထိုင်းသွားတဲ့ လူလည်းရှိ၊ မြို့ကို တက်သွားတဲ့လူလည်း ရှိတယ်။ ပိုက်ဆံရှိတဲ့လူအတွက်က ကောင်းတာပေါ့၊ ကျွန်မတို့ဆို ဘယ်နေရာကို ပြေးရမှန်းလည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေအရ ချောင်းနှခွတံတားအနီးတဝိုက်ရှိ ကျေးရွာများအတွင်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က တည်ရှိနေသလို စစ်ကောင်စီဘက်မှလည်း စစ်ကြောင်းများ အင်းအားဖြည့်တင်ထားပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။
လက်နက်ကြီးကျည်ကျရောက်မှုနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ချောင်းနှစ်ခွတံတားအနီးရှိ မရမ်းကုန်၊ လှကဇိုင်း၊ ချောင်းနှစ်ခွ၊ ဘုရားကုန်၊ မယ်တရိုစသည့် ကျေးရွာများမှ ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်လျှက်ရှိကြောင်း သိရသည်။