Saturday, March 14, 2026
More
    spot_img
    Homeသတင်းကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံး

    ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောၚ်က နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ချက်အရ သိရသည်။

    ပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် လေထိုး‌လေအောင့် မသက်သာသည့်အတွက် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က ထောင်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ထောင်ဆေးရုံအုပ် အနားယူနေသည့်အတွက် တာဝန်ကျ သွားဆရာဝန်မှ ကြည့်ရှူစစ်ဆေးပြီး ဆေးတစ်လုံးထိုးပေးခဲ့ကြောင်း ဆိုသည်။

    ဆေးထိုးပြီး တစ်နာရီခန့်အကြာတွင် ပါးစပ်မှ အမြုပ်ထွက်၍ မေ့လဲသွားခဲ့ပြီး ထောင်ဆေးရုံအုပ်မှ အသက်ကယ်ဆေး ၂ လုံး ထိုးပေးကာ ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံရောက်ချိန် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း PPNM က ထုတ်ပြန်ထားသည်။

    ကိုပြည့်ဖြိုးအောင်သည် ရန်ကုန်၊ အင်းစိန် ဇာတိဖြစ်ပြီး မီးသတ် CDM ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်တံတားထိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။

    ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၂(က)ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီး ဘားအံထောင်(တောင်ကလေးထောင်)တွင် ၂၀၂၂ ခုနှစ် မေလအထိ နေထိုင်ခဲ့ရပြီးနောက် ကျိုက်မရောထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အချိန်မီဆေးဝါးကုသခွင့်မရသည့်အတွက် အသက် ၄၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ကိုရာရှင်လည်း ပြင်ပဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။

    အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ကုသမှုပေးရန်၊ ထောင်ဝင်စာပါဆယ်တွင် နိုင်ငံခြားဆေးဝါးများ သွင်းခွင့်ပြုရန်နှင့် အရေးကြီးလူနာများကို အချိန်နှင့်တပြေးညီ ‌ပြင်ပဆေးရုံသို့ ပို့ဆောင်ကုသပေးရန်ဆိုသည့် အချက်များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုထံ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က တောင်းဆိုထားသည်။။

    မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ကောက်ယူရရှိထားသည့် စာရင်းများအရ ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦး အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks