Thursday, March 12, 2026
More
    spot_img
    Homeသတင်းနှစ်လကြာလာသည်ထိ ကျိုက်မရောစစ်ရှောင်များ နေရပ်မပြန်နိုင်သေး

    နှစ်လကြာလာသည်ထိ ကျိုက်မရောစစ်ရှောင်များ နေရပ်မပြန်နိုင်သေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများ နှစ်လကြာလာသည်ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွရဲစခန်းနှင့် တံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးနားက ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာလျက်ရှိသည့်အပြင် လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာ အနီးနားတဝိုက်တွင် စစ်ကောင်စီတပ်များ ဝင်ရောက် တပ်စွဲထားခြင်းကြောင့် ဒေသခံများ နေရန်ပြန်မရဲပဲဖြစ်နေသည်။

    ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာခံတစ်ဦးက “ရွာမှာ စစ်သားတွေ ရှိနေတော့ အိမ်မပြန်ရဲသေးဘူး။ ပြန်ရင်လည်း အိမ်မှာပဲ ပေးနေတာ အပြင်ပေးအထွက်ဘူး။ အိမ်မှာကလည်း သူတို့(စစ်တပ်) တွေက တွင်းတွေ (ဗုံးခိုကျင်း) အများကြီး တူးထားတယ်။ အိမ်ရောက်ရင်လည်း မလုံခြုံဘူးလေ” ဟု ဆိုသည်။

    ဒေသခံအများစုသည် နီးစပ်ရာဘုန်းကြီးကျောင်းတို့ ဖွင့်လှစ်ထားသည့်စခန်းတို့တွင် ခိုလှုံနေကြရပြီး အချို့ကလည်း နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများထံ ပြောင်းရွှေ့နေထိုင်နေကြရသည်။

    အချိန်ကာလ ကြာလာသည့်အတွက် စစ်ရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလိုအပ်လာကြောင်း သိရသည်။

    “အဒေါ်တို့က ဆွေမျိုးအိမ်မှာပဲဆိုတော့ အိမ်ငှားခ မပေးရဘူး။ ဒါပေမဲ့လည်း စားသောက်ကုန်စျေးနှုန်းတွေက အဆမတန်မြင့်နေတော့ အခက်အခဲက ရှိမှာပဲလေ။ ၂ လတောင် ပြည့်တော့မယ်။ အိမ်ပြန်ရမယ့်ရက်က မသိသေးဘူး။ ချေးငှားပြီး အဆင်ပြေသလို နေနေရတာပေါ့။ အိမ်ပြန်ရလို့ အလုပ်ပြန်လုပ်ရရင် ပြန်ဆပ်ရမှာပေါ့” ဟု တောင်ကလေးကျေးရွာခံတစ်ဦးက ဆိုသည်။

    ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားတိုးချဲ့လာနေသည့်အတွက် တိုက်ပွဲများ ထပ်ပြင်းထန်လာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။

    ကျိုက်ကမရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကော့ပနော အပါဝင် ကျေးရွာ၂၀ နီးပါးက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်နေရသည်ဟု စစ်ရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks