Thursday, March 12, 2026
More
    spot_img
    Homeသတင်းစစ်တပ် ပိတ်ဆို့မှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များ ရိက္ခာရရှိရန်ခက်ခဲလာ

    စစ်တပ် ပိတ်ဆို့မှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များ ရိက္ခာရရှိရန်ခက်ခဲလာ

    -

    စစ်ကောင်စီတပ် ဂိတ်စခန်းများက ရိက္ခာသယ်ယူမှုကို တင်းကြပ်လာသောကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ရရှိရန် ခက်ခဲလာကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ် ပိတ်ဆို့မှုများကြောင့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်အရှေ့တောဘက်တွင် စစ်ဘေးရှောင်နေရသော ပြည်သူများထံ စားနပ်ရိက္ခာနှင့် လူသားချင်စာနာမှုဆိုင်ရာအထောက်အကူများ ရောက်ရှိရန်ခက်ခဲလာသည်ဟု ဆိုသည်။

    လောင်းလုံးမြို့နယ် ကမြောကင်းတံတား၊ တနင်္သာရီအရှေ့တောဘက်နှင့် ပုလောရှိ စစ်ကောင်စီဂိတ်စခန်းများက ရိက္ခာများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုကြောင်း ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိမှု ခက်ခဲလာကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့မှ သိရသည်။

    ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စားနပ်ရိက္ခာက အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တယ်၊ အမြဲမပြတ်လိုအပ်နေတာလည်းဖြစ်ပါတယ်။ ပြီးတော့ စစ်ရေးတင်းမာမှုတွေကြောင့် သယ်ယူဖို့ခက်ခဲတာတွေ၊ အချို့ဒေသတွေဆိုရင် ဆန်လိုမျိုးအဓိကကျတဲ့ စားနပ်ရိက္ခာတွေကို သယ်ယူခွင့်ပိတ်ပင်ထားတာ၊ ကန့်သတ်ထားတာမျိုးတွေရှိတော့ စားနပ်ရိက္ခာရရှိမှုက အဆင်မပြေဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် လောလောဆယ်မှာစားဖို့လောက်တော့ရှိတယ်၊ ချွေတာပြီးတော့ စားနေရတယ် ဆိုတာမျိုးလည်း ရှိပါတယ်” ဟု ဆိုသည်။

    စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်း ဖြတ် ၄ ဖြတ်စနစ်ကို ပြီးခဲ့သည့်နှစ်ကတည်းက ကျင့်သုံးနေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များကဆိုသည်။

    “အကန့်အသတ်နဲ့ ခွင့်ပြုတာမျိုးကို ဆိုလိုတာပါ။ ဆန်ဆိုရင် ဘယ်နှအိတ်ပဲ သယ်ရမယ်ဆိုတာမျိုးပေါ့။ ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာတွေဆိုရင် လုံးဝသယ်ခွင့်မပြုပါဘူး။ စစ်ကောင်စီဘက်က ရိက္ခာတွေသယ်မရအောင်လုပ်နေတာကတော့ တနင်္သာရီဒေသမှာဆိုရင် pdf တွေရှိတယ်လို့ ယူဆရတဲ့ နေရာတိုင်းလိုလိုကို သွားတဲ့ လမ်းပိုင်းတိုင်းပါပဲခင်ဗျား။ နောက်ဆက်တွဲပြဿနာကတော့ စစ်ဘေးရှောင်တွေဆီ ရိက္ခာထောက်ပံ့ဖို့နဲ့ လူသားစာနာမှု အကူအညီတွေပေးအတွက် အလွယ်တကူမရတော့တဲ့ ပြဿနာဖြစ်လာပါတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ် ဂိတ်စခန်းများတွင် ဆေးဝါးများနှင့် စစ်ဘေးရှောင်အကူအညီပေးရေး ရိက္ခာများ ဖျက်ဆီးသိမ်းဆည်းခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့်နှစ်အတွင်းစာရင်းများအရ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၉ ခုကျော်တို့တွင် စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၄၆၀၀၀ ခန့်ရှိပြီး ရေဖြူမြို့နယ်သည် စစ်ဘေးရှောင်ပြည်သူအများဆုံးရှိနေသည့် မြို့နယ်တစ်ခုဖြစ်သည်။

    ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ကာ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့အစည်းများအကြား စစ်ရေးတင်းမားနေသည့်အပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် စစ်ဘေးရှောင်အသစ်များ တိုးလာခဲ့ကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks