spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစစ်ရေးအခြေအနေများကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၄၀၀ နီးပါး သေဆုံး

    စစ်ရေးအခြေအနေများကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၄၀၀ နီးပါး သေဆုံး

    -

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း စစ်ရေးအခြေအနေများကြောင့် အမျိုးသမီး ၄၀၀ နီးပါး သေဆုံးခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်သည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ခိုင်လုံသောသတင်းမီဒီယာများမှ အချက်အလက်များကို ကိုးကားကာ စုဆောင်းထားသည့် အချက်အလက်များကို အခြေခံပြီး “တစ်နှစ်တာအတွင်း အမျိုးသမီးများဆိုင်ရာ သတင်းသုံးသပ်ချက်စာတမ်း” ကို BWU မှ ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ အမျိုးသမီး ၃၉၂ ဦးခန့်သည် စစ်ရေးအခြေအနေများကြောင့် သေဆုံးခဲ့သည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

    BWU အဖွဲ့က “သေဆုံးသူအမျိုးသမီးတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပေါက်ကွဲမှုတွေ ဗုံးပေါက်ကွဲတာတွေ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေအပြင် စစ်တပ်ရဲ့ ပစ်ခတ်တာတွေကြောင့် အဓိကသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားခဲ့တယ်” ဟု ဆိုသည်။

    ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃၀ ဦး၊ လက်နက်ကြီးကြောင့် ၁၄၇ ဦး၊ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး၊ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၂၀ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး၊ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ ၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ ၃၅ ဦး၊ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ၄၇ ဦး၊ စစ်တပ်၏ ရိုက်နှက်မှုကြောင့် တစ်ဦးနှင့် ဦးခေါင်း ကျည်ထိမှန်ပြီး ၅ ဦး စုစုပေါင်း အမျိုးသမီး ၃၉၂ ဦး သေဆုံးခဲ့သည်ဟု BWU က ထုတ်ပြန်ထားသည်။

    ကယန်အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း “လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျမတို့ ကရင်နီပြည်နယ်ထဲမှာနေထိုင်နေကြတဲ့အမျိုးသမီးများအပါအဝင်ကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ သော်လည်းကောင်း အမျိုးသမီးအရေးကိုလှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးအစည်းအရုံးတစ်ခုဖြစ်သည့်အလျှောက် ယခုလို ကြားသိရတာ တကယ်ဝမ်းနည်းစရာဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းစစ် စတင်ကတည်းက ကျမတို့ အမျိုးသမီးထုတွေဟာ ကျရာကဏ္ဍမှာ တသတ်တအားပါဝင်ဆောင်ရွက်သည်နည်းတူ ပြည်တွင်းစစ်ကို အကြောင်းပြပြီး ကျမတိုအမျိုးသမီးထုကို စစ်လက်နက်ဒိုင်းကာသဖွယ် အသုံးချပြီး သွယ်ဝိုက်နည်းနဲ့ ယခုလိုပြုမူကျင့်ကြံတာကို ကျမတို့အနေနဲ့ ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပြစ်မှုကျူးလွန်မှုတစ်ခုလို့ မှတ်ယူပါတယ်။ ယခုလို စစ်ဘက်စစ်ရာနဲ့ လူယောင်္ကျားသားချင်းတွေ အင်အားပြရမည့်အချိန်မှာ ကျမတို့အမျိုးသမီးထုကို တစ်ဖက်လှည့်နဲ့ ဗျူဟာကျကျ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုက စစ်ဥပဒေနဲ့မညီသလို လူ့အခွင့်အရေးရှု့ထောင့်ကကြည့်ရင်လည်း မဖြစ်သင့်တဲ့အရာလို့ မြင်ပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့မှ အမျိုးသမီး ၃၃ ဦး သေဆုံးခဲ့ပြီး မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့မှ ၂ ဦးလည်း လက်နက်ကြီးကြောင့် သေဆုံးခဲ့သည်။

    BWU ၏ စာရင်းများအရ အမျိုးသမီးသေဆုံးမှုအများဆုံးသည် စစ်ကိုင်းတိုင်းမှဖြစ်ပြီး လက်နက်ကြီးကြောင့် သေဆုံးရသူ အများဆုံးဖြစ်ကြောင်း သိရသည်။

    မြေပြင်တွင် သတင်းအချက်အလက်စီးဆင်းမှုအခက်အခဲများရှိနေခြင်းကြောင့် လက်တွေ့တွင် အထက်ပါအချက်အလက်များထက် သေဆုံးသူပိုများနိုင်ကြောင်းလည်း မြန်မာအမျိုးသမီးသမဂ္ဂက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks