spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းအာဆီယံအထူးကိုယ်စားလှစ်သစ်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တွေ့ဆုံမည်

    အာဆီယံအထူးကိုယ်စားလှစ်သစ်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တွေ့ဆုံမည်

    -

    မြန်မာနိုင်ငံဆိုင်ရာ အလှည့်ကျအာဆီယံဥက္ကဌအဖြစ် တာဝန်ယူသွားမည့် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံသွားရန် ရှိနေကြောင်း အပစ်ရပ်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ထံမှ သိရသည်။

    ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ အာဆီယံအထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် Mr.Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS တို့က အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စားလှယ် စေလွှတ်နိုင်ခြင်းမရှိဟု အကြောင်းပြန်ထားကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    ဗိုလ်မှူးကြီး စောကျော်ညွန့်က ယခု တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံအကြပ်အတည်း ဖြေရှင်းရေးအတွက် လမ်းစဖြစ်ကြောင်း ဆိုသည်။

    “တွေ့ဆုံဆွေးနွေးမယ့်အကြောင်းအရာတွေ အတိအကျတို့ ဘာတို့တော့ ကျွန်တော်တို့ သတ်သတ်မှတ်မှတ် ထားတာမရှိပါဘူး။ ဒီလိုမျိုးပထမဦးဆုံးတွေ့ဆုံနိုင်တဲ့အခြေအနေဆိုတော့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ချက်တော့ရှိတာပေါ့။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက်ပေါ့လေ။ အာဆီယံရဲ့ နားလည်မှုနဲ့ ကျွန်တော်တို့ရဲ့နားလည်မှုကလည်း အတူတူပါပဲ။ လက်ရှိ နိုင်ငံမှာ ကြုံတွေ့နေရတဲ့အကြပ်အတည်းတွေက နိုင်ငံရေးကြောင့်ပဲ ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ သူတို့ဘက်ကလည်း လိုလားတယ်လို့ ကျွန်တော်တို့နားလည်တယ်။ သို့သော်လည်းပဲ ဒီလိုမျိုး မငြိမ်မသက်တဲ့နိုင်ငံအခြေအနေမှာ ကျွန်တော်တို့ မျှော်လင့်တဲ့တွေ့ဆုံဆွေးနွေးရေးဟာ ဒီလိုမျိုးစစ်ဘောင်ကျယ်တဲ့ကာလမျိုးမှာ အခက်အခဲစိန်ခေါ်မှုတွေအများကြီးရှိနေတယ်။ အချုပ်အားဖြင့်ပြောရရင်တော့ အခုလိုပထမဆုံးအကြိမ်တွေ့ဆုံမှုဟာ လက်ရှိ ၃နှစ်ကြာ ဖြစ်နေတဲ့ အကြပ်အတည်းတွေကိုဖြေရှင်းနိုင်ဖို့ အဆုံးသတ်အတွက် လမ်းစပျိုးမှုလေးတစ်ခုဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ၂ ရက်အကြာတွင် မှတ်ပုံတင်ကျထားသည့် နိုင်ငံရေးပါတီများ၊ စစ်ကောင်စီတာဝန်ရှိသူများနှင့် အာဆီယံအထူးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ အဆိုပါတွေ့ဆုံဆွေးနွေးမှုမှ မြန်မာ့အရေးတစ်စုံတစ်ရာပြောင်းလဲမှု မရှိလာနိုင်ကြောင်း သုံးသပ်သည်။

    “လာအိုဘက်က တွေ့မယ်ဆိုတော့ လာအိုဆိုတာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအရ ဖိအားကြီးနိုင်တဲ့ အနေအထားမရှိဘူး။ နယ်စပ်မှာဆိုရင်လည်း တရုတ်ပြည်လောက် အရေးပါတဲ့နေရာမျိုးမဟုတ်ဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ကိုတောင် စစ်ကောင်စီက မလိုက်နာဘူး။ အခုလာအိုက ဆွေးနွေးမယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ကတော့ အောင်မြင်ဖို့ ရာခိုင်နှုန်းနဲတယ်လို့ပဲပြောချင်တယ်။ တွေ့ဆုံဖို့ ကြိုးစားတာတော့ကောင်းပါတယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ NCA အဖွဲ့တွေထဲမှာက အင်အားကြီးတဲ့အဖွဲ့က သိပ်မပါဘူး။ အင်အားကြီးတဲ့အဖွဲ့တွေက ဒီမှာပြန်ပြီးတော့ တိုက်နေကြတယ်။ အဲ့တော့ လာအိုအနေနဲ့ NCA အဖွဲ့တွေကို ပြောလို့ရကောင်းရနိုင်တယ်။ တကယ်တိုက်နေတဲ့အဖွဲ့တွေရဲ့ သဘောတူညီချက်မရပဲနဲ့တော့ ဒီဆွေးနွေးမှုဟာ ဟန်ပြသဘောပဲရှိမယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက အာဆီယံအလှည့်ကျဥက္ကဌဖြစ်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆင် မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

    သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဌကာလအတွင်းတွင်လည်း မြန်မာ့အရေး ထူးထူးခြားခြားပြောင်းလဲမှု မရှိခဲ့ဟု လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

    မြန်မာနိုင်ငံအရေး ဖြေရှင်းရန် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးမှ ဘုံသဘောတူညီချက် ငါးချက် ထုတ်ပြန်ခဲ့သေးသည်။

    အာဆီယံဘုံသဘောတူညီချက်တွင် ပါဝင်သည့် အချက်များကို စစ်ကောင်စီက လိုက်နာမှုမရှိသည့်အတွက် အဆိုပါအာဆီယံအစည်းအဝေးများတွင် စစ်ကောင်စီကို တက်ရောက်ခွင့် ယနေ့ထိ ပိတ်ပင်ထားဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks