spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းလမ်းများပိတ်ထားလို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဒေသခံများ သွားလာရေးခက်ခဲ

    လမ်းများပိတ်ထားလို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဒေသခံများ သွားလာရေးခက်ခဲ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ဘက်သို့ ဖြတ်သန်းသွားလာနိုင်သည့် အဘစ်လမ်းကို စစ်ကောင်စီအမြောက်တပ် (၃၁၇)က ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

    ကြာအင်းဆိပ်ကြီးအတွင်းရှိ မွန်ရွာအများစုက ချောင်းနှစ်ခွလမ်း၊ ခလယ်-တံခွန်တိုင်လမ်း၊ အဘစ်လမ်းနှင့် လွတ်ရှမ်းလမ်းတို့ကို အသုံးပြုပြီး မွန်ပြည်နယ်ဘက်မှ စားသောက်ကုန်ပစ္စည်း တင်သွင်းခြင်း၊ ရော်ဘာရောင်းဝယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ချောင်းနှစ်ခွတံတား မိုင်ခွဲဖျက်ဆီးခံရပြီး ချောင်းနှစ်ခွလမ်းဘက် သွားလာလို့မရတော့သလို ခလယ်-တံခွန်တိုင်လမ်းဘက်ကလည်း တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။

    ကြာအင်းဆိပ်ကြီးအတွင်းက ဒေသခံများ မုဒုံဘက်သို့ သွားလာရန်အတွက် အဘစ်လမ်းနှင့် လွတ်ရှမ်းလမ်း နှစ်လမ်းသာကျန်ရှိတော့ကြောင်း လွတ်ရှမ်းလမ်းသည် ခရီးရှည်ခြင်း၊ လမ်းကြမ်းခြင်းကြောင့် ဒေသခံများ သွားလာအသုံးပြုမှုနည်းပါးကာ အဘစ်လမ်းကိုသာ သွားလာနေကြသည်။

    လက်ရှိတွင် အဘစ်လမ်းဘက်ကလည်း အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၇ က စစ်ဆေးမှုတင်းကြပ်ထားသလို မော်တော်ယဉ်များကိုလည်း အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ပြုသည့်အတွက် သွားလာရေး အခက်အခဲကြုံတွေ့နေရသည်။

    “ပြဿနာက အခုလိုဖြတ်သန်းခွင့်ကို ကန့်သတ်လိုက်တဲ့အတွက် အလျှင်လိုနေရင်တော့ မရဘူး။ အချိန်ပေးပြီး စောင့်ဆိုင်းနေရတယ်။ ပြီးတော့ သူတို့ စစ်ဆေးတဲ့အချိန်လည်းရှိသေးတယ်။ အဲကြောင့် ဖားပြဘက် (လွတ်ရှမ်းလမ်းဘက်) က ပတ်သွားတဲ့ လူတော့ရှိတယ်။ ဒါပေမဲ့ ကားခက စျေးကြီးပေးနေတယ်” ဟု ကြာအင်းဆိပ်ကြီးမှ ယာဉ်မောၚ်းတစ်ဦးက ပြောသည်။  

    လက်ရှိတွင် ကုန်ပစ္စည်းတင်ကားအများစုက လွတ်ရှမ်းလမ်းဘက်က သွားလာနေကြပြီး ကားခစျေးကြီးသည့်အတွက် ဒေသတွင်း ကုန်ပစ္စည်းစျေး လိုက်တက်လာသည်ဟု သိရသည်။

    စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက “အခု ကုန်ပစ္စည်းတင်ကားတွေအများစုက ဖားပြဘက် သွားနေကြတာ။ အဲလမ်းက ဝေးတော့ ကားခက ဆန်တစ်အိတ် ၂၀၀၀ ကနေ အခု ၄၀၀၀ ဖြစ်သွားတယ်။ ကားခတက်တော့ စားသောက်ကုန်ပစ္စည်းစျေးတွေ လိုက်တက်သွားတယ်” ဟု ဆိုသည်။

    ယခုလို သွားလာခွင့်ကန့်သတ်လိုက်ခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ဝင်ရောဆိပ်ကြီး၊ နောင့်ပရော့၊ တောင်ပေါက် အစသည့် မွန်ရွာအများစုက ဒေသခံပြည်သူများ ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့် သွားလာရေးခက်ခဲခြင်း ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

    ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့်အပြင် တော်လှန်းရေးအင်အားစုဘက်က အင်အား ထပ်မံဖြည့်ဆည်းလာမည်ကို စစ်ကောင်စီတပ်ဘက်က စိုးရိမ်သည့်အတွက် ယခုလို ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks