spot_img
Wednesday, February 5, 2025
More
    spot_img
    Homeသတင်းအိမ်နီးချင်းနိုင်ငံများ၏ အကူအညီမပါဘဲ တော်လှန်ရေးအောင်မြင်ရန် မလွယ်ကူဟု ဆို

    အိမ်နီးချင်းနိုင်ငံများ၏ အကူအညီမပါဘဲ တော်လှန်ရေးအောင်မြင်ရန် မလွယ်ကူဟု ဆို

    -

    လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီမပါဘဲ တော်လှန်ရေး အောင်မြင်ရန် မဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမျိုးကျော်က ပြောသည်။

    မြန်မာ့အိမ်နီးချင်နိုင်ငံများတွင် အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့ ရှိနေသလိုနယ်စပ်တစ်လျှောက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြု လှုပ်ရှားလျက်ရှိနေသည်။

    ဦးမျိုးကျော်က “အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီမပါဘဲနဲ့တော့ ဒီတော်လှန်ရေးတစ်ခုကတော့ အောင်မြင်ဖို့ မလွယ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျနော်တို့ကတော့ အဲဒီလိုမျိုး ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်တယ်ဆိုတာက ပြည်သူတစ်ရပ်လုံးကတော့ ကျနော်တို့စိတ်ခွန်အားအပြည့် အခုဆိုရင် သူတို့ဘဝ ပိုင်ဆိုင်မှုတွေ အသက်အိုးအိမ်စည်းစိမ်တွေ အကုန်လုံးကို စွန့်ပြီး တော်လှန်တာပဲ၊ ဒါပေမဲ့ မဆုတ်ဘူးလေ။ အဲဒီ‌တော့ ဘာပဲဖြစ်ဖြစ် ဒီဟာတွေမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီလည်း လိုတယ်၊ ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီလည်း လိုတယ်ပေါ့နော်၊ အဓိကအားဖြင့်တော့ အိမ်နီးချင်းနိုင်ငံတွေ တရုတ်၊ အိန္ဒိယလို နိုင်ငံတွေပေါ့ဗျာ၊ ဥပမာ ကျနော်တို့ ဟိုဖက်မှာဆိုရင်လည်း ဘင်္ဂလားဒေရှ့်လို နိုင်ငံမျိုးတွေ အဲလိုနိုင်ငံမျိုးတွေ ဒီနိုင်ငံမျိုးတွေကနေပြီးတော့ အကူအညီဟာ ဒီတော်လှန်ရေးအတွက်လည်း အများကြီး အရေးပါတယ်။ အထောက်အပံလည်း ဖြစ်စေမယ်လို့တော့ ယုံကြည်ပါတယ်” ဟု ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံ ကျင့်သုံးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

    ထို့အတူ တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့် နိုင်ငံဖြစ်သည်ဟု ခံယူကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို မျှော်ရည်လျက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှပ်နှံမှုများနှင့် အခြားလူမှုစီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA- MNDAA) တို့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်တွင် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သလို ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံမှုများ အများအပြားရှိခဲ့သလို ကိုးကန့်ဒေသရှိ စစ်ကောင်စီ၏ ဒကစတပ်ဖွဲ့များက ဇန်နဝါရီ ၄ ရက်နေ့မှာ MNDAA ထံ လက်နက်ချလိုက်ကြောင်း သတင်းများက ဖော်ပြသည်။

    စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးနောက် တိုင်းပြည်ထူထောင်ရေးတွင် အိမ်နီးချင်းတိုင်းပြည်များနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက နှစ်သစ်ကူးသတင်းစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတဲ့ နောက်ပိုင်းမှာ တိုင်းပြည်ရဲ့ အခြေအနေအရပ်ရပ်ကို ကျနော်တို့ ကိုယ်တိုင်ကပဲ စီမံခန့်ခွဲရမှာ ဖြစ်ပြီး အထူးသဖြင့် နိုင်ငံတကာ ဆက်ဆံရေးပိုင်းနဲ့ ပတ်သက်ပီး ကျနော်တို့ ဒီလို ပြောချင်ပါတယ်။ ပထမဦးစွာ ကျနော်တို့ရဲ့ ဘေးနား ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပထမဦးဆုံး ဆက်ဆံရေးကောင်းဖို့အတွက် ရှေ့ရှုပြီးတော့ နိုင်ငံတကာဆက်ဆံရေးဖက်မှာလည်း ဒီထက်ပိုပြီး ကောင်းမွန်ဖို့အတွက် ကျနော်တို့ ဆက်လက်ကြိုးစားသွားရမယ်ဆိုတာ ဒီနေရာကနေ ကျနော်တို့ အသိပေးချင်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် အကောင်းဆုံးကြိုးစားသွားမယ်” ဟု ပြောသည်။

    မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ လာအိုတို့ဖြင့် ထိစပ်လျက်ရှိနေပြီး နယ်စပ်တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တော်လှန်ရေး အင်အားစုများက လှုပ်ရှားလျက်ရှိနေသည်။

    လက်ရှိ ဆင်နွှဲနေသော နွေဦးတော်လှန်ရေး အောင်မြင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများဖြင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားရန် လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သော နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts