Tuesday, March 10, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် တနင်္သာရီမြို့နယ်က ရွာ ၈ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

    တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ်က ရွာ ၈ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် လက်နက်နှင့် ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

    ပြီးခဲ့သည့် နှစ်ရက်ခန့်က ညောင်ပင်ကွင်းကျေးရွာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၁ သို့ ရိက္ခာနှင့် လက်နက်လာပို့သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ပစ်ခတ်မှုကြောင့် ဒေသတွင်း စစ်ကောင်စီစစ်ကြောင်းထိုးလာမည်ကို စိုးရိမ်သည့်အတွက် ညောင်ပင်ကွင်းရွာ၊ ပျို့အိုင်ရွာ၊ ကျွဲထိန်းကုန်းရွာ၊ ဗမာအင်းတော်ရွာ၊ မြေမအုံရွာ၊ ကမ္မလိုင်းရွာ၊ ရှမ်းအင်းတော်ရွာနှင့် ရေဖြူကျေးရွာ အစရှိသည့် ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

    “စစ်ကြောင်းထိုးလာတာတော့မဟုတ်ဘူးဗျ။ ခမရ ၅၅၈ နဲ့တပ်ဗျူဟာဘက်ကနေ ဒီ ၅၆၁ ဘက်ကို ရိက္ခာတွေပို့တာ။ အဲဒီပို့လာတဲ့အခြေအနေမှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အဲဒီအခြေအနေမှာပဲ ဒီနီးစပ်တဲ့ရွာတွေက တိမ်းရှောင်ရတဲ့အခြေအနေတွေဖြစ်ခဲ့တယ်” ဟု ၎င်းဒေသခံက ပြောသည်။

    အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီ ခမရ ၅၅၈ တပ်ရင်းမှ တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ကာ တိမ်းရှောင်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေသခံများသည် နီးစပ်ရာ ဥယျာဉ်ခြံများသို့ တိမ်းရှောင်နေကြရပြီး အချို့လည်း နေရပ်စတင်ပြန်နေကြကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် ရှမ်းအင်းတော်ရွာ စာသင်ကျောင်းအတွင်း စခန်းချတပ်စွဲထားပြီး စစ်ကြောင်းထိုးနေချိန်အတွင်း တနင်္သာရီ အမြောက်တပ်မှ လက်နက်ကြီးပစ်ကူမှု ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် ထိတွေ့တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလအကုန်အထိ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရသည့် ကျေးရွာ ၅ ရွာ အထိရှိခဲ့ကြောင်း ဒေသတွင်းအဖွဲ့အစည်းများ၏ ဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks