Tuesday, March 10, 2026
More
    spot_img
    Homeသတင်းကျိုက်ထို၊ မုပ္ပလင်ကျေးရွာ ပစ်ခတ်မှုအတွင်း ဒေသခံနှစ်ဦး သေဆုံး

    ကျိုက်ထို၊ မုပ္ပလင်ကျေးရွာ ပစ်ခတ်မှုအတွင်း ဒေသခံနှစ်ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် ဇန်နဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

    ယမန်နေ့ မွန်းတည့်အချိန်ခန့်က မုပ္ပလင်ကျေးရွာ၊ ဗလီစုရပ်နေ ဦးညီညီလွင်ဆိုသူသည် မုပ္ပလင်ဈေးဘက်သို့ သွားစဉ် အမည်မသိ သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးညီညီလွင်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

    လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးညီညီလွင်သည် ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက် ထိမှန်ခဲ့ပြီး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။

    ၎င်းပြင် ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီး နေအိမ်တစ်ခုတွင် ထမင်းစားနေသည့် မနှင်းရည်ထွေးဆိုသည့် အမျိုးသမီးလည်း လက်နက်ကျည်ထိမှန်သွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဦးညီညီလွင်သည် ဒလန်လုပ်နေသူတစ်ဦးဖြစ်သည်ဟု ဒေသခံတို့အကြား သတင်းထွက်နေသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

    စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ဦးညီညီလွင်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က ပစ်သတ်ခဲ့သည်ဟု ရေးသားထားပြီး ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဘက်က တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာနေ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်း ဦးသန်းလွင်နှင့် ဇနီး ဒေါ်မြင့်မြင့်ခိုင်တို့ နှစ်ဦးလည်း သေနတ်သမားတို့က ပစ်ခတ်ခဲ့ပြီး ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။

    စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်နေသည့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ၊ စစ်ကောင်စီနှင့် ပတ်သက်သူများ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

    တဘက်တွင်လည်း စစ်ကောင်စီတပ်ဘက်က ဒေသခံများကို ဖမ်းဆီးတာ၊ နေအိမ်ချိပ်ပိတ်တာတွေလည်း ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေအပြင် စစ်ကောင်စီတပ်နှင့် ပတ်သက်သူ၊ စစ်ကောင်စီသတင်းပေးဆိုသူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေလည်း မကြာခဏပြုလုပ်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks