spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကျိုက်မ‌ရောတွင် လက်နက်ကြီးကျကွဲမှုကြောင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီး

    ကျိုက်မ‌ရောတွင် လက်နက်ကြီးကျကွဲမှုကြောင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာတွင် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်‌ကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့ကြောင့် ဒေသခံတို့ထံမှ သိရသည်။

    တောင်ကလေးအမြှောက်တပ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့က လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း လက်နက်ကြီးသည် မယ်တရိုကျေးရွာ စာသင်ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိခိုက်ပျက်စီးသွားသလို အနီးနာရှိ နေအိမ်အချို့လည်း ကျည်စထိမှန် ပျက်စီးမှုရှိခဲ့ကြောင်း မယ်တရိုဒေသခံတစ်ဦးက ပြောသည်။

    “စာသင်ကျောင်းက ဆောက်ထားတာ ၃ နှစ်‌လောက်ပဲရှိသေးတယ်။ လက်နက်ကြီးက ကျောင်းအလယ်‌‌လောက်မှာ ကျသွားတယ်။ နေအိမ်လည်း ကျည်စထိသွားတာ ရှိတယ်။ တောင်ကလေး အမြှောက်တပ်ကနေပစ်လာတယ်။ အဲလို ပစ်နေတာက ခနခနပါပဲ။ လေယာဉ်နဲ့ လာတာလဲရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲသည် ချောင်းနှစ်ခွဘက်မှာသာမက ပျားတောင်ဒေသဘက်သို့ပါ ဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲနေခြင်းတို့ကြောင့် ဒေသတွင်းက ကျေးရွာ ၂၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိတွင် ဒေသတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့် ပစ်ခတ်မှုများ ဆက်လက်တည်ရှိနေသည့်အတွက် ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

    “နဲနဲတိတ်ဆိတ်နေလို့ ပြန်သွားကြတဲ့သူတွေရှိတယ်။ စစ်တပ်ကက လမ်းတွေ ပိတ်ထားဆဲပဲ။ မနေ့က (ဒီဇင်ဘာ ၂၀) ကျေးရွာထဲ လက်နက်ကျ‌တော့ ထပ်ပြီး ထွက်ပြေးကြရတယ်။ ခြံကနေ တောလမ်းကနေ ထွက်လာကြရတယ်။ တော်လှန်ရေးဘက်ကတော့ ရွာအပြင်မှာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသူများ တစ်လကျော်ကြာလာသည့်အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိလာသည်ဟု သိရသည်။

    ကျိုက်မရောမြို့နယ် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် နေရာ ၈ ခုအပါအဝင်၊ ကမာဝက်မြို့ ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ မြို့ရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ နှစ်သောင်းထက်မနည်းရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

    ကျိုက်မရောတိုက်ပွဲအတွင်း ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်းရှိခဲ့ကာ နေအိမ်မီးလောင်တာ လက်နက်ကြီးကျည်ကျပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း အများအပြားရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks