Thursday, March 12, 2026
More
    spot_img
    Homeသတင်းသထုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

    သထုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမိန်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့် ကျုံမိန်ကျေးရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးအလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကျုံမိန်ကျေးရွာအပြင်ဘက်နှင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် နော်ဖောတမောသည် အခင်းဖြစ်ရာ နေရာတွင် မိုင်းစထိမှန် သေဆုံးခဲ့သည်။

    “ ည ၁၂ နာရီလောက်မှာ ရွာထဲမှာ လက်နက်ကြီးကျလို့ ထိခိုက်တာ ရှိတယ် ကြားလို့ သွားကြည့်တာ၊ အရှေ့စုက ဦးစောသမီး(နော်ဖော်တမော) ခြေထောက်နဲ့ ပေါင်တွေမှာ မိုင်းစထိမှန်ပြီး ဆုံးသွားတာ၊ ဆေးရုံလည်း ချက်ချင်းပို့မရလို့ သွေးထွက်လွန်ပြီး ဆုံးသွားတာ။ သူ့မှာ ကိုယ်ဝန်နှစ်လ ရှိတယ်လို့ သိရတယ်” ဟု ကျုံမိန်ကျေးရွာခံတစ်ဦးက ပြောသည်။

    လက်နက်ကြီးထိမှန် သေဆုံးသွားခဲ့သည့် ကိုယ်ဝန်ဆောင် နော်ဖောတမောသည် အသက် ၂ ခွဲအရွယ် ကလေးငယ်တစ်ဦးနှင့် ခင်ပွန်းဖြစ်သူ ကျန်ရစ်ခဲ့ပြီး ၎င်းတို့မိသားစုသည် ရော်ဘာခြံလုပ်သားများဖြစ်ကြသည်ဟု ဆိုသည်။  

    ဒေသခံတို့က ယခု လက်နက်ကြီးဖြင့် ပစ်ခတ်သည့် စစ်ကောင်စီတပ်သည် သထုံအခြေစိုက် စစ်ကောင်စီ အမှတ်(၂၄) ခြေမြန်တပ်ရင်း သို့မဟုတ် အမှတ်(၄၀၂) အမြောက်တပ်က ဖြစ်သည်ဟု ဆိုကြသည်။

    စစ်ကောင်စီတပ်တို့မှ ညတိုင်းလိုလို လက်နက်ကြီး ပစ်ခတ်နေပြီး လူနေကျေးရွာထဲ ကျရောက်ပေါက်ကွဲနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    ကရင်လူမျိုးအများစုနေထိုင်သည့် ကျုံမိန်ကျေးရွာသည် လူဦးရေ တစ်ထောင်ကျော်နေထိုင်ပြီး ကရင်အမျိူးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေထဲတည်ရှိသည့်ကျေးရွာတရွာဖြစ်သည်။

    ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကျုံမိန်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks