spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် စစ်ရှောင်ဦး‌ရေ ငါးသောင်းနီးပါးအထိ တိုးလာ

    တနင်္သာရီတိုင်းတွင် စစ်ရှောင်ဦး‌ရေ ငါးသောင်းနီးပါးအထိ တိုးလာ

    -

    တနင်္သာရီတိုင်းဒေသကြီးတွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ တိုးလာပြီး နိုဝင်ဘာလတွင် စစ်ရှောင်ဦးရေ ငါးသောင်းနီးပါးအထိ ရှိလာသည်ဟု FE5 Tanintharyi အဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

    ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တို့တွင် နေအိမ် မီးရှို့ခံရမှု၊ စစ်ကြောင်းထိုးမှုများ၊ အရပ်သား ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စစ်ဘေးရှောင်ခဲ့ရသူ ၂၄၈၀၀ ကျော်ရှိခဲ့သည်ဟု ဆိုသည်။

    မြိတ်ခရိုင် ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ၂၄၃၀၀ ကျော်ရှိသည်။

    လောင်းလုံး၊ ထားဝယ် အရှေ့တောနှင့် ရေဖြူမြို့နယ် မူးဒူးရွာများသို့ နိုဝင်လာအတွင်း စစ်ကောင်စီတပ် တစ်ကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စစ်ဘေးရှောင်အရေအတွက် များလာခဲ့သည်ဟု FE5 Tanintharyi အဖွဲ့က ဆိုထားသည်။

    “စစ်ကြောင်းကတော့ ဝင်လိုက် ထွက်လိုက်ပါပဲ။ ထားဝယ် ၄ မြို့နယ်မှာဆိုရင် သရက်ချောင်းနဲ့ လောင်းလုံးဘက်ကတော့ တိုက်ပွဲအမြဲဖြစ်နေတော့ တချို့ကပြန် တချို့မပြန်ရဲဘူး။ ရေဖြူနဲ့ ထားဝယ်ဘက်တော့ ငြိမ်နေတယ်။ အခု ဒီဇင်ဘာလကတော့ တချို့ရွာကဒေသခံတွေ နေရပ် ပြန်လာကြတာရှိတယ်” ရေဖြူမြို့ခံတစ်ဦးက ပြောသည်။

    တိုက်ပွဲကြောင့် ပုလောမြို့နယ်တစ်ခုတည်းတွင် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၅၈၀၀ ကျော်ရှိပြီး ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၂၈၀၀ ကျော်ရှိကာ ကျန်သူများသည် နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    “အရင်တုန်းက စစ်ဘေးရှောင်များက တောဘက်သို့တိမ်းရှောင်ကြတာများတယ် ယခုနောက်ပိုင်း မြို့ပေါ်ကိုပဲ တိမ်းရှောင်ဖို့ တက်လာကြတယ်။ မြို့ပေါ်မှာက နည်းနည်းလုံခြုံတယ် လုပ်ချင်သလိုလုပ်လို့မရဘူး။ တော၊ တောင်ဘက်ဆိုရင် သိပ်မလုံခြုံဘူးလေ” ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

    တနင်္သာရီမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများသော လယ်သစ်၊ မော်တုံး၊ ဘန်လော၊ ဘန်းလမွတ် အနီးတဝိုက်ရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

    ထားဝယ်အရှေ့တော၊ တနင်္သာရီနှင့် ပုလောမြို့နယ်တွင်လည်း စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များ ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင်များ အကူအညီ ပိုမိုလိုအပ်နေခဲ့သည်။

    စစ်ဘေးရှောင်အရေအတွက်သည် စစ်ကြောင်းထိုးဝင် ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက် အပြောင်းအလဲ အမြဲရှိသည်ဟု Tanintharyi အဖွဲ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks