မွန်ပြည်နယ်အတွင်း ယခုနှစ် ပွင့်လင်းရာသီတွင် ခရီးသွားဝင်ရောက်မှု ပိုများလာမည်ဟု မျှော်မှန်းထားကြသော်လည်း လက်ရှိအချိန်ထိ ခရီးသွားဝင်ရောက်မှု မရှိသလောက်ဖြစ်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်ရှင်နှင့် ဧည့်လမ်းညွှန်တို့ထံမှ သိရသည်။
ပြည်နယ်အတွင်းရှိ ဒေသအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့်နှင့် လုံခြုံရေးအခြေအနေကြောင့် ခရီးသွားဝင်ရောက်မှု ယခင်နှစ်ကထက် လျော့နည်းလာနေသည်ဟု မော်လမြိုင်မြို့မှ ဧည့်လမ်းညွန်းတစ်ဦးက ပြောသည်။
“အခုက ခရီးသွားရာသီရောက်နေပြီ။ ဒီနိုဝင်ဘာကနေ ဇန်နဝါရီလအထိက အခြားနှစ်တွေထက် ဒီနှစ်ကို ပိုမျှော်မှန်းထားတယ်။ ဒါပေမယ့် မဝင်ဘူး။ မဝင်ဘူးဆိုတာက အကြောင်းရင်းတွေ အများကြီးပေါ့နော်။ တိုက်ပွဲသံတွေ ကြားနေရတော့ မလာရဲကြဘူး။ ခရီးသွားနှုန်းကို ကြည့်တော့လည်း တစ်ဝက်လောက် လျော့နည်းတယ်။ ကျွန်တော်တို့ မျှော်မှန်းသလို ဖြစ်မလာဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ မွန်ပြည်နယ်အတွင်း ဝင်ရောက်နေသည့် ခရီးသွားအများစုသည် အလုပ်ကိစ္စနှင့် သုတေသနအဖွဲ့စည်းများကသာဖြစ်ပြီး လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးနေသည်ဟုလည်း ၎င်းက ဆိုသည်။
ခရီးသွားဝင်ရောက်မှုနှုန်းသည် နိုင်ငံရေးအခြေနေပေါ်တွင် မူတည်နေသောကြောင့် လက်ရှိအခြေအနေအရ ခရီးသွားဝင်ရောက်မှု ပိုနည်းလာနိုင်သည်ဟု မွန်-ကရင် ဧည့်လမ်းညွန်းတစ်ဦးက ဆိုသည်။
“အခုလိုမျိုး လုံခြုံရေးမကောင်းနေတော့ ခရီးသွားတွေ ပိုများလာဖို့က မမျှော်လင့်တော့ဘူး။ ပိုများလာမယ်လို့လည်း မထင်ဘူး။ လုံခြုံရေးအခြေအနေကောင်းလာတဲ့အထိပေါ့၊ အခုဆိုရင် နေရာအတော်များများက (တိုက်ပွဲ) အသံတွေ ခပ်စိပ်စိပ်ကြားနေရတယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်ကစပြီး ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့သည်။
