Thursday, March 12, 2026
More
    spot_img
    Homeသတင်းဖမ်းဆီးခံရသည့် သံဖြုဇရပ်မြို့ခံ ၂ ဦးမှာ စစ်ကြောရေးတွင် သေဆုံးဟု သတင်းထွက်

    ဖမ်းဆီးခံရသည့် သံဖြုဇရပ်မြို့ခံ ၂ ဦးမှာ စစ်ကြောရေးတွင် သေဆုံးဟု သတင်းထွက်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ဖမ်းဆီးခံထားရသူများအနက်မှ ၂ ဦးသည် စစ်ကြောရေးတွင် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးမြသန်းကို ပစ်စတိုသေနတ်တစ်လက်၊ ကျည်ဆံ ၃၉ တောင့်နှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့သည်။

    ယင်းနောက် ဟေမဝန် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးတရုပ်ကို ဖမ်းဆီးခဲ့ပြီး ၎င်းလက်ကိုင်ဖုန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အား ထောက်ပံ့ရန် ငွေကြေးကောက်ယူထားသည့် လူဦးရေစာရင်းများတွေ့ရှိခဲ့သည်ဆိုပြီး စစ်ကောင်စီက ကိုမင်းမင်းအပါအဝင် မြို့ခံ ရာနှင့်ချီကို ဆက်တိုက်ဖမ်းဆီးခဲ့သည်။

    ဖမ်းဆီးခံရသူများကို သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်နယ်တွင် ချုပ်နှောင် စစ်ဆေးနေကြောင်း စစ်ဆေးနေစဉ်အတွင်း ဦးမြသန်းနှင့် ကိုမင်းမင်းတို့ နှစ်ဦး သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသည်ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    “ဦးမြင့်သန်းကို ဖမ်းမိပြီးတဲ့နောက်မှာ သံဖြူဇရပ်မြို့က လုပ်ငန်းရှင်တွေ၊ ရွှေလုပ်ငန်းရှင်တွေ၊ သူဌေးတွေအတော်များများ ဖမ်းဆီးစစ်ဆေးခံနေရသလို၊ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံနေရတာတွေလည်း ရှိတယ်။ ဖမ်းလိုက်၊ ပြန်လွှတ်လိုက်နဲ့ မရှိဘူးဆိုရင်အနည်းဆုံး အယောက် ၁၀၀ လောက်ရှိပြီ။ လက်ရှိ ဝဲကလိတပ်နယ်မှာ ဘယ်လောက်ဖမ်းထားလဲတော့ မသိဘူး။ သံဖြူဇရပ်တစ်မြို့လုံးလည်းလူတွေရှင်းနေတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

    စစ်ကြောရေးတွင် သေဆုံးသွားသည်ဆိုသည့် ဦးမြင့်သန်းနှင့် ကိုမင်းမင်းတို့၏ ရုပ်အလောင်းကို မိသားစုဝင်များက ပြန်လည်ရရှိထားခြင်းမရှိကြောင်းနှင့် စစ်တပ်မှ နာရေးပြုလုပ်ပေးသွားမည်ဟုသာ သတင်းများထွက်ပေါ်နေကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

    လက်ရှိတွင် ဝဲကလိတပ်နယ်တွင် PDF ထောက်ပို့ဟု စွပ်စွဲခံထားရသူ ၅၀ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ၎င်းပြင် ဖမ်းဆီးခံထားရသူများအနက် သံဖြူဇရပ်မြို့ခံ ၅ ဦး၏ နေအိမ်များကိုလည်း စစ်ကောင်စီတပ်မှ ချိပ်ပိတ်ထားကြောင်းနှင့် ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်နေကြောင်း သံဖြူဇရပ်မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

    နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်များအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်၌ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks