Thursday, March 12, 2026
More
    spot_img
    Homeသတင်းစက်သုံးဆီကြောင့် မွန်ပြည်နယ်တွင် လယ်ယာသုံး စက်ယန္တရား ငှားရမ်းခ သုံးဆကျော် ဈေးတက်

    စက်သုံးဆီကြောင့် မွန်ပြည်နယ်တွင် လယ်ယာသုံး စက်ယန္တရား ငှားရမ်းခ သုံးဆကျော် ဈေးတက်

    -

    လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီဂယက်ကြောင့် မွန်ပြည်နယ်အတွင်း လယ်ယာသုံး စက်ယန္တရားငှားရမ်းခ သုံးဆကျော် ဈေးတက်သွားကြောင်း လယ်သမားတို့ထံမှ သိရသည်။

    ယခင်က လယ်ယာထွန်ယက်စိုက်ပျိုးရန်အတွက် လယ်ယာသုံး စက်ယန္တရား ငှားရမ်းခသည် တစ်ဧကလျှင် ၃၅၀၀၀ ကျပ်သာရှိရာမှ လက်ရှိတွင်မှု တစ်ဧက ၁၂၀၀၀၀ ကျပ်အထိ ပေးနေရကြောင်း ပေါင်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

    “အဓိကက စက်သုံးဆီတွေဝယ်ရခက်လို့၊ နောက် အပြင်မှာဝယ်ရင်လည်း ဈေးကအမြင့်နဲ့ဆိုတော့ လယ်ယာသုံး စက်ယန္တရား ငှားရမ်းခက ဈေးတွေတက်သွားတယ်။ ဘယ်လောက်အထိ တက်သွားလဲဆိုရင် (၃) ဆကျော်ကို တက်သွားတာ” ဟု ၎င်းတောင်သူက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တို့တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး စက်သုံးဆီပြတ်လပ်ကာ ဆီရရှိရန် ပြည်သူများ နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းခဲ့ရသည့်အပြင် ဆီစျေးလည်းအဆမတန်မြင့်တက်ခဲ့သည်။

    စက်သုံးဆီစျေးသည် ဆီဆိုင်တို့တွင် တစ်လီတာ ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားရှိပြီး ပြင်ပစျေးကွက်မှာတော့ ဆီတစ်လီတာ ကျပ် ၇၀၀၀ အထိ တင်ရောင်းနေကြသည်ဟု သုံးစွဲသူတို့ထံမှ သိရသည်။

    တောင်သူလယ်သမားများ စပါးရိတ်သိမ်းချိန်တွင် လယ်ယာသုံး စက်ယန္တရားငှားရမ်းခ ကြီးမြင့်သည့်ပြဿနာအပြင် မိုးစပါးစိုက်ပျိုးချိန်က သွင်းအားစုစရိတ်၊ လုပ်အားခနှင့် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

    ၎င်းပြင် ရာသီဥတုကြောင့်နှင့် ဖျက်ပိုးကြောင့် စပါးခင်းပျက်စီးမှုရှိခဲ့သည့်အတွက် ယခုနှစ် စပါးစိုက်တောင်သူများ အရှုံးပေါ်ကြသည်ဟု တောင်သူတို့ထံမှ သိရသည်။

    “လက်ရှိ စပါးမျိုးကောင်းတင်းတစ်ရာကို ကျပ် ၃၀ ဝန်းကျင်ပေါက်ဈေးရှိနေတယ်ဆိုပေမယ့် သွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေဩဇာဈေး၊ စက်သုံးဆီဈေး၊ ပိုးသတ်ဆေးဈေး၊ အလုပ်သမားနဲ့ အထွေထွေကုန်ကျစရိတ်တွေက အဆမတန်ကြီးမြင့်သွားတော့ ရှုံးတယ်” ဟု ဘီးလင်းမြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးဧက ၇ သိန်းနီးပါးရှိပြီး အလုပ်သမား ရှားပါးလာမှုကြောင့် ယခုနောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများတွင် လယ်ယာသုံး စက်ယန္တရားများကို ငှားရမ်း အသုံးပြုမှု များပြားလာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks