မွန်ပြည်သစ်ပါတီ၊ ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူဒေသ၊ ရေးချောင်းဖျားဒေသနှင့် ရေဖြူဒေသတို့တွင် ကိုဗစ်ကာလနောက်ပိုင်း ကလေးကာကွယ်ဆေးပြတ်လတ်မှုနှင့် ကာလကြာရှည် ရင်ဆိုင်နေရသည်ဟု သိရသည်။
လက်ရှိတွင် ဒေသခံများ ရွာနှင့် ဆိုင်ကယ်ခရီး တစ်နာရီကျော်ဝေးသည့် ရေးမြို့နယ် ကျောက်မိချောင်းရွာတွင် ကလေးကာကွယ်ဆေး လစဉ်သွားထိုးနေရသည်ဟု မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဓမ္မပါလရွာမှ ကလေးမိခင်တစ်ဦးက ဆိုသည်။
“လတ်တလော နိုင်ငံရေးကလည်း မတည်ငြိမ်ဘူးဆိုတော့ အခြေအနေတွေနားစွင့်ပြီးတော့ သွားနေရတယ်။ တချို့ ကြောက်တဲ့လူတွေကျ သွားတောင်မသွားရဲဘူး။ လမ်းခရီးမှာ တစ်ခုခုဖြစ်မှာစိုးလို့လေ။ မသွားရဲတော့ မထိုးရဘူးပေါ့။ ရှေ့လမှာလည်း ဘယ်မှာထိုးပေးမလဲဆိုတာမသိရဘူး” ဟု ၎င်းက ပြောသည်။
လမ်းခရီးကြမ်းတမ်းပြီး ခရီးရှည်ကြာသွားရသည့်အတွက် ကလေးကျန်းမာရေးဆိုင်ရာ စိုးရိမ်ရသည့်အပြင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေရတာကြောင့် နီးစပ်ရာမွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွင်းက ကျေးရွာတို့တွင် ထိုးနှံနိုင်ရန် လိုအပ်သည်ဟုလည်း သူမက ဆက်ပြောသည်။
မွန်ပြည်သစ်ထိန်းချုပ်ဒေသတွင်းရှိ ငါးနှစ်အောက်ကလေးငယ်များအတွက် ကာကွယ်ဆေးများ ကိုဗစ်ကာလနောက်ပိုင်း ဆေးဝင်ရောက်မှုနည်းသွားခြင်းကြောင့် ယခုလိုဆေးပြတ်လတ်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးမှူးတစ်ဦးက ပြောသည်။
“၂၀၁၉ ခုနှစ်မှာ ကိုဗစ်စဖြစ်တော့ ကျွန်တော်တို့လည်း ဒီနယ်စပ်ဘက်မှာပဲ လုပ်နေတယ်။ အဲဒီအချိန်မှာ နယ်စပ်ဘက်ကို ပိတ်လိုက်တော့ ထိုင်းဘက်ကလာတဲ့ဆေးတွေနဲ့ ပြတ်တောက်သွားတာမျိုးကြောင့်လည်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၁၉ နောက်ပိုင်း ကာကွယ်ဆေးတွေ အရင်ကလို ထိုးနှံပေးနိုင်ခြင်းမရှိခဲ့ဘူး။ ပြတ်တောက်သွားတယ်ပေါ့” ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင်လည်း ပိုလီယိုကာကွယ်ဆေးတစ်မျိုးသာ တိုက်ကျွေးနိုင်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ကာကွယ်ဆေးလုံလုံလောက်လောက်ရရှိနိုင်ရန် မွန်အမျိုးသားကျန်းမာရေးကော်မတီက ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း အထက်ပါ ဆေးမှူးက ပြောသည်။
လက်ရှိတွင် ငွေကြေးတတ်နိုင်သူတို့က ရေးမြို့နှင့် နီးစပ်ရာရွာတို့တွင်ကာကွယ်ဆေးသွားရောက်ထိုးနှံနေကြသော်လည်း လမ်းစရိတ်မတတ်နိုင်သည့် ဒေသခံတို့က ကာကွယ်ဆေး မထိုးနှံနိုင်သည့်အခြေအနေရှိနေသည်။
မွန်အမျိုးသားကျန်းမာရေးဌာနအနေဖြင့် ဆေးဝါးနှင့် ကာကွယ်ဆေးဆိုင်ရာများကို ထိုင်းနိုင်ငံဘက်က အလှူရှင်တို့ကိုသာ အဓိကမှီခိုနေရပြီး လုံလောက်မှုမရှိတာကြောင့် ကိုယ်တိုင် စီစဉ်ဆောင်ရွက်နေရသည်လည်းရှိသည်ဟု ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။