ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ လစာဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်ဟု ဘန်ကောက်မြန်မာသံရုံက ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားမျာတွင် စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်း သတ်မှတ်ထားပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁၅၀ ဘတ် ပေးဆောင်ရမည်ဟု ဆိုသည်။
လစဉ်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်မှာ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းနှင့် မော်တော်ယာဉ် ဝယ်ယူရာတွင် စုဆောင်းထားသည့် ငွေဖြူစာရင်းပေါ် တွက်ချက်ပြီး ဝင်ငွေခွန် လျှော့ပေါ့ပေးသွားမည်ဟု ဆိုထားသည်။
၎င်းပြင် ထိုင်းနိုင်ငံ ကုမ္ပဏီများ၊ ရေကြောင်းကုမ္ပဏီများအပါအဝင် ဆေးရုံ၊ တက္ကသိုလ်/ကောလိပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ စက်ရုံ/အလုပ်ရုံ အင်ဂျင်နီယာများ စသည့် White Collar များ၏ ဝင်ငွေခွန် ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းမရှိပါက ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ရငွေမှ နုတ်ကာ ကျန်ငွေကိုသာ ပေးဆောင်ရမည်ဖြစ်သည်။
White Collar လုပ်သားများ ငွေဖြူခံစားခွင့်အနေဖြင့် ၄၁၁၀၀ ဘတ်နှင့် ညီမျှသည့် မြန်မာကျပ်ငွေကိုသာ ခံစားခွင့်ရရှိမည်ဟု ဘန်ကောက်မြန်မာ သံရုံးက ပြောထားသည်။
မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ် အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ်၊ သို့မဟုတ် ၃ လတစ်ကြိမ်၊ သို့မဟုတ် ၆ လ တစ်ကြိမ်၊ သို့မဟုတ် ၉ လတစ်ကြိမ် ပေးသွင်းနိုင်သည်ဟု ကြေညာထားသည်။
စစ်ကောင်စီက ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လစာဝင်ငွေ၏ ၂ ရာခိုင်နှုန်း အခွန်ဆောင်ရမည်ဟု နိုဝင်ဘာလအတွင်းက ကြေညာထားသည်။
