spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက်ညီလာခံ ကျင်းပမည်

    မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက်ညီလာခံ ကျင်းပမည်

    -

    မွန်တိုင်းရင်းလက်နက်ကိုင် မွန်ပြည်သစ်ပါတီ၏ ၁၁ ကြိမ်မြောက်ညီလာခံကို လာမည့် ဒီဇင်ဘာလ တတိယအပတ်အတွင်း ကျင်းပသွားရန်ရှိသည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

    ပါတီညီလာခံကို ပါတီဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပသွားရန်ရှိပြီး ဌာနအသီးသီးက ညီလာခံတက်ရောက်မည့်ကိုယ်စားလှယ်များ ရွေးချယ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

    “ဒီညီလာခံမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပြောလို့မရသေးဘူး။ တာဝန်ရှိသူတွေ စဉ်စားထားချက်ကတော့ ကဏ္ဍစုံက ဗဟိုကော်မတီတွေ ရွေးချယ်တင်မြှောက်ဖို့၊ ဗဟိုကော်မတီဝင်အသစ် ၆ ဦးရှိမယ်။ တခြားကတော့ မပြောတတ်သေးဘူး” ဟု ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    ၁၁ ကြိမ်မြောက် ပါတီညီလာခံမှ ဗဟိုကော်မတီဝင် ၆ ဦး ထပ်တိုးရွေးချယ်တင်မြှောက်သွားရန်ရှိပြီး ၎င်းထဲတွင် လူငယ်၊ အမျိုးသမီး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ အစရှိသည့်ကဏ္ဍများ ပါဝင်သည်ဟု သိရသည်။

    “နိုင်ငံရေး မူဝါဒရပ်တည်ချက်ကတော့ အရင်အတိုင်းပဲ ရပ်တည်သွားမယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် ညီလာခံမှာ ဆွေးနွေးတဲ့အချက်ပေါ်မှာပဲ မူတည်ပါတယ်။ မူဝါဒလမ်းစဉ်နဲ့ ပတ်သက်ရင် ပါတီညီလာခံနဲ့ပဲ ဆိုင်ပါတယ်” ဟု အထက်ပါ ဗဟိုကော်မတီဝင်က ဆက်ပြောသည်။

    ၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံကို ဒီဇင်ဘာလ တတိယအပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံကို တစ်လ ကျင်းပသွားရန် ရှိသော်လည်း နိုင်ငံရေးအခြေအနေ တစုံတရာထူးခြားလာပါက ညီလာခံကို ရပ်နားထားနိုင်ပြီး အချိန်ပြောင်းရွှေ့ကျင်းပသွားမည်ဟု သိရသည်။

    ပြီးခဲ့သည့် ၁၀ ကြိမ်မြောက် ညီလာခံကိုတော့ ပါတီဥက္ကဌ နိုင်ဟံသာ၊ ဒုဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှနှင့် နိုင်အေးမွန်၊ နိုင်လရီဂကောင်း၊ နိုင်ဗညားလယ်၊ နိုင်အောင်မငေ၊ နိုင်ဗညာမဲ့စန်း စသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၉ ဦး ပါဝင်ခဲ့သည်။

    ၁၀ ကြိမ်မြောက် ပါတီညီလာခံကို ၂၀၁၉ ခုနှစ်က ပါတီဗဟိုဌာနချုပ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး၊ ဗဟိုကော်မတီဝင် ၃၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦးတို့ကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့သည်။

    မွန်ပြည်သစ်ပါတီအနေနှင့် ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံ၌ပင် ပြန်လည်ရွေးချယ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts