spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းPDF ထောက်ပို့သည် ဟူသော စွပ်စွဲချက်ဖြင့် သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေဟု ဆို

    PDF ထောက်ပို့သည် ဟူသော စွပ်စွဲချက်ဖြင့် သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေဟု ဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာ ၈၊ ၂၀၂၃။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ဟေမဝန် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ကို လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီတပ်က ဆက်စပ်သူအခြားမြို့ခံများကို ဆက်တိုက် လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။

    ဖမ်းဆီးခံရသည့် ဟေမဝန် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးတရုပ်၏ လက်ကိုင်ဖုန်းကို စစ်ကောင်စီတပ်က စစ်ဆေးရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အား ထောက်ပံ့ရန် ငွေကြေးကောက်ယူထားသည့် လူဦးရေစာရင်းများ တွေ့ရှိထားကြောင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။    

    “သူ့ကို ဖမ်းမိပြီးတော့ ဖုန်းထဲမှာ ဘယ်သူနဲ့ ဆက်သွယ်ထားတာရှိလဲဆိုပြီး စစ်ဆေးတဲ့အခါ PDF ကို ငွေကြေးထောက်ပံ့ထားတဲ့ နာမည်စာရင်းတွေ တွေ့လိုက်တယ်၊ သူတို့ရထားတဲ့ စာရင်းအရဆိုရင် သံဖြူဇရပ်မြို့ကလူတွေ ကုန်သလောက်နီးပါးပဲ။ ဒါပေမယ့် အကုန်လုံးတော့ သူတို့မဖမ်းသေးဘူး။ နည်းနည်းကြီးတဲ့လူတွေကိုပဲ ရွေးပြီး အရင်ဖမ်းလိုက်တာ” ဟု ပြောသည်။

    ကျန်ရှိနေသည့် အခြားဆက်စပ်သူ ရာဂဏန်းနီးပါးခန့်တို့ကိုလည်း ဆက်လက်ဖမ်းဆီးသွားဖို့ ရှိနေသည်ဟု အထက်ပါ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူက ဆက်ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့၊ အောင်ဇေယျတိုးချဲ့ရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးမြသန်းကို ပစ်စတိုသေနတ်တစ်လက်၊ ကျည်ဆံ ၃၉ တောင့်နှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့သည်။

    ယင်းနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိ ဟေမဝန် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးတရုပ်အပါအဝင် အခြားဆက်စပ်သည့် ရွှေဆိုင်၊ စျေးဆိုင်ပိုင်ရှင်၊ လူငယ်များ ၁၀ ဦးနှင့်အထက်ကို ဖမ်းဆီးလိုက်ပြီး ၎င်းတို့နှင့်သက်ဆိုင်သည့်နေအိမ်၊ စီးပွားရေးလုပ်ငန်းများကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

    “အိမ်တွေ၊ ဆိုင်တွေ ပိတ်ပြီး မြို့ကနေ ရှောင်သွားတဲ့လူတွေလည်း မနည်းတော့ဘူး။ တစ်ယောက်ပြီး တစ်ယောက် နေ့တိုင်း ဖမ်းဆီးခံနေရတယ်။ မြို့ပေါ်မှာတော့ ရုတ်ရုတ်သဲသဲ တွေဖြစ်နေပြီ၊ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး။ လက်ရှိ ကျွန်တော်တို့သံဖြူဇရပ်မြို့ရဲ့ အခြေအနေက ခြောက်ကပ်နေတာပေါ့” ဟု ချိတ်ပိတ်ခံရသည့် နေအိမ်တစ်အိမ်အနီးတွင် နေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

    ဟေမဝန် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးတရုပ်ကို စစ်ကောင်စီက ဖမ်းဆီး မိပြီးနောက်ပိုင်း သံဖြူဇရပ်မြို့အတွင်း ဆက်လက်ဖမ်းဆီးခံရသူ ၇၀ ဦးအထိ ရှိနေသည်ဆိုသည့်သတင်း ထွက်ပေါ်နေပေမယ့် လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    လက်ရှိအခြေအနေအရ သံဖြူဇရပ်မြို့ပေါ် နေထိုင်သူများကို စစ်ကောင်စီတပ်မှ ပိတ်ဆို့ရှာဖွေခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေခြင်းကြောင့် မြို့အတွင်း သွားလာသူများ နည်းပါးလာပြီး ဖမ်းဆီးစစ်ဆေးခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသည့် ဒေသခံအရပ်သားပြည်သူ ၈၀၀ ကျော် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts