spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေလို့ စပါးရိတ်သိမ်းဖို့ လယ်သမားများ အခက်တွေ့

    ကျိုက်မရောတွင် တိုက်ပွဲပြင်းထန်နေလို့ စပါးရိတ်သိမ်းဖို့ လယ်သမားများ အခက်တွေ့

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဒီဇင်ဘာ ၄၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲ ပြင်းထန်နေသည့်အတွက် စပါးရိတ်သိမ်းရန် လယ်သမားများ အခက်အခဲကြုံတွေ့နေကြရသည်ဟု ဒေသခံတောင်သူလယ်သမားတို့က ပြောသည်။

    တိုက်ပွဲကြောင့်နှင့် စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲတာ၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေတာကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ချောင်းနှစ်ခွ၊ တောင်ကလေး၊ မရမ်းကုန်း၊ ကဒါ၊ လှကဇိုင်း၊ မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ကွမ်ငန်၊ ဝဲငဲ့အစရှိသည့် ကျေးရွာပေါင်း ၂၀ ရွာထက်မနည်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ယခုအချိန်သည် စပါးရိတ်သိမ်းချိန်ဖြစ်ပြီး တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် စပါးရိတ်သိမ်းရန် အလုပ်သမားငှားမရသည့်ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကျိုက်မရောမြို့နယ်အတွင်းက လယ်သမားတို့က ပြောသည်။

    “တိုက်ပွဲဖြစ်တဲ့ရွာတွေဘက်မှာဆို ဘယ်သူမှ မရှိကြတော့ဘူး။ အကုန်လုံးထွက်ပြေးနေရတယ်။ အရင်နှစ်ကဆို ကိုယ့်ရွာမှာ အလုပ်သမားငှားလို့ မရရင် အနီးအနားကရွာမှာ သွားငှားလို့ရတယ်။ အခုတော့ လုပ်ခပိုပေးရင်တောင် ငှားလို့မလွယ်တော့ဘူး” ဟု ကျိုက်မရောဒေသမှ လယ်သမားတစ်ဦးက ပြောသည်။

    နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ ကော့ပနော့ကျေးရွာက လူနေအိမ်ကြား လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

    စပါးရိတ်သိမ်းရန်အတွက် အလုပ်သမားရှားပါးနေသည့်အပြင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်ရန် အဆင်မပြေကြောင်း အခြားစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

    “အလုပ်သမားမရလို့ စပါးရိတ်စက်ငှားပြန်တော့လည်း တိုက်ပွဲဖြစ်နေရင် သူတို့က “စက်ဆင်း”လို့ အဆင်မပြေဘူးတဲ့။ အခုက စပါးတွေလည်း မှည့်ကုန်ပြီ။ လူလည်းငှားမရ စက်လည်းငှားမရတော့ လယ်ဧကများရင် ပိုအခက်အခဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ လယ်ကွင်းအနီးတဝိုက်တွင် တပ်ချနေထိုင်နေသည့်အတွက်ကြောင့်လည်း လယ်သမားများအတွက် လုပ်ငန်းခွင်ဝင်ရန် စိုးရိမ်ထိန့်လန့်နေကြသည်ဟု တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

    “ကျွန်မတို့လယ်ဘက်မှာ စစ်သားတွေကို တစ်ခါတလေတွေ့ရတယ်။ တဲထဲမှာလူရှိရင် သူတို့က ဝင်လာပြီး မေးမြန်းတယ်။ ပြီးရင် ပြန်ထွက်သွားတယ်။ ဘာမှမလုပ်ပေမဲ့ ကိုယ်ကတော့ အရမ်းကြောက်တယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့သည်။

    တိုက်ပွဲကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသူများရှိသည့်အပြင် လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်း အများအပြား ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲသည် ဒီဇင်ဘာလဆန်းအပိုင်းထိ ဆက်လက်ဖြစ်ပွားနေပြီး ဒေသတွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က နေရာယူထားသလို စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတိုးမြှင့်ထားသည့်အတွက် ဆက်ပွဲသည် ဆက်လက်ပြင်းထန်နေနိုင်သည်ဟုလည်း ဒေသခံတို့က သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks