Homeသတင်းသထုံတွင် စရဖ သတင်းပေးတစ်ဦး ပစ်သတ်ခံရ

သထုံတွင် စရဖ သတင်းပေးတစ်ဦး ပစ်သတ်ခံရ

-

ဒီဇင်ဘာ ၁၊ ၂၀၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် စစ်ကောင်စီ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) သတင်းပေးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၅၀ နှစ်အရွယ် စရဖ သတင်းပေး ဦးသန်းနိုင်သည် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းဝရှိ မုန့်ဟင်းခါးဆိုင်မှအထွက်တွင် အမည်မသိ သေနတ်သမားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းနိုင်သည် ယာဘက်ရင်အုံကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

ဦးသန်းနိုင်သည် သုဝဏ္ဏဝတီမြို့တွင် စရဖ သတင်းပေးလုပ်နေသည်မှာ ကြာနေပြီးဟု ဒေသခံတို့က ပြောဆိုသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးသန်းနိုင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂) တပ်ခွဲ (၃) လက်အောက်ခံ Hawk Revolutionary Squad – HRS မြို့ပြပျောက်ကျားအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း HRS အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ် ချန်နယ်များမှာတော့ “အကြမ်းဖက် PDF နှစ်ဦးမှ အပစ်မဲ့ အရပ်သား တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်” ဟု ရေးသားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ၊ သတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts