spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရေးတွင် လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် ရော်ဘာခြံလုပ်ကိုင်သူများအခက်ကြုံ

    ရေးတွင် လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် ရော်ဘာခြံလုပ်ကိုင်သူများအခက်ကြုံ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၂၄၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားခြင်းကြောင့် ရော်ဘာခြံ၊ ဥယျာဉ်ခြံ လုပ်ကိုၚ်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    နိုင်ငံအနှံတွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာသည့်နောက် ရေးမြို့တွင်လည်း တိုက်ပွဲများဖြစ်မည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် စစ်ကောင်စီတပ်ဘက်က မြို့တွင်း၊ မြို့ပြင်နေရာအနှံ့ လုံခြုံရေးတိုးမြှင့်ထားပြီး ညပိုင်း ကင်းလှည့်တာတွေအပြင် စစ်ဆေးမှုများလည်း တင်းကျပ်ထားသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတင်းကျပ်ထားပြီးနောက် ညပိုင်း သွားလာသူများကို ဖမ်းဆီးမှုပါရှိလာနေသည့်အတွက် ရော်ဘာခြစ်သမားများ ဖမ်းဆီးခံရ။ ပစ်ခတ်ခံရမည်ကို စိုးရိမ်နေရသည်ဟု လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

    “အဓိကတော့ ခြံလုပ်တဲ့သူတွေပဲ အခက်ကြုံတာများတယ်။ ဘာလို့လဲဆိုတော့ အခုရာသီက ရော်ဘာခြစ်တဲ့ရာသီလည်းဖြစ်တယ်။ ပြီးတော့ ရော်ဘာခြစ်သမားတွေက ညပိုင်းပဲသွားလာကြတာ များတယ်။ လမ်းမှာ ညဘက်ခြံသွားလာရင်း။ ဓာတ်မီးထိုးလို့ တစ်ချက်လင်းသွားရင် သူတို့(စစ်တပ်) က တွေ့သွားလို့ ဖမ်းသွားမှာလည်း ကြောက်နေရတယ်” ဟု ၎င်းက ဆိုသည်။

    ရေးမြို့နယ်တွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေကြပြီး ကွမ်းသီး၊ သံပုရာ အစရှိသည့် သစ်သီးစိုက်ပျိုးခြင်းဖြင့်လည်း စီးပွားရေးလုပ်ကိုင်ကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ၎င်းပြင် ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပေါတာဆွဲသည်ဆိုသည့် သတင်းလည်း ပျံ့နှံ့နေခြင်းကြောင့် နေ့ခင်းဘက် သွားလာရာတွင်လည်း စိုးရိမ်နေရသည့်အနေအထားရှိနေသည်ဟု ရေးမြို့နယ်၊ ကော့ချကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။

    ရေးမြိုနယ်အတွင်း စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတင်းကျပ်ထားသည့်အပြင် တော်လှန်အင်အားစုဘက်ကလည်း ခရီးသွားပြည်သူများကို စစ်ဆေးတာ ပိုတင်းကျပ်လာသည့်အတွက် သွားလာရေးခက်ခဲနေသည်ဟု နှစ်ကရင်ဒေသခံတစ်ဦးက ပြောသည်။

    ၎င်းက “အခုက စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ထားတဲ့အပြင် တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်ဆေးမှုတွေ တင်းကျပ်လာတယ်။ ဘယ်လောက်အထိလဲဆိုတော့ ကုန်ပစ္စည်းတွေတင်တဲ့ကားပဲ နေ့တိုင်းသွားလာနေတဲ့လိုင်ကားတောင် နည်းနည်းအချိန်လွန်သွားရင်တောင် ဖြတ်သန်းခွင့်မပေးတော့ဘူး” ဟုဆိုသည်။

    ရေး-သံဖြူဇရပ်ကားလမ်းတလျှောက်တွင် တော်လှန်ရေးအင်အားစုတို့က မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် ဇွန်လကစပြီး စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

    ရေးမြို့နယ်နည်းတူ ပေါက်ကွဲမှု ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မော်လမြိုင်၊ မုဒုံမြို့တို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုလည်း လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks