Homeသတင်းဘဏ်ငွေထုတ်ကန့်သတ်ချက်ကြောင့် ရော်ဘာလုပ်ငန်းများ မလည်ပတ်နိုင်ဖြစ်နေ

ဘဏ်ငွေထုတ်ကန့်သတ်ချက်ကြောင့် ရော်ဘာလုပ်ငန်းများ မလည်ပတ်နိုင်ဖြစ်နေ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၂၄၊ ၂၀၂၃။

မွန်ပြည်နယ်အတွင်းရှိ ဘဏ်များတွင် အကန့်အသတ်ဖြင့် ထုတ်ပေးနေသည့်အတွက် ဘဏ်နှင့်ချိတ်ဆက်ပြီး လုပ်ငန်းလုပ်ကိုင်နေရသည့် ရော်ဘာလုပ်ငန်းမလည်ပတ်နိုင်သည့်အခြေအနေဖြစ်နေသည်ဟု ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် စစ်ကောင်စီလက်အောက်ရှိဘဏ်တို့တွင် ငွေထုတ်ယူသူများပြားလာပြီးနောက် ဘဏ်မှ ငွေကို အကန့်အသတ်ဖြင့် ထုတ်ပေးလာခြင်းဖြစ်သည်။

လက်ရှိတွင် ဘဏ်များမှ လူပုဂ္ဂိုလ်တစ်ဦးလျှင် ကျပ်သိန်း ၂၀၊ စီးပွားရေးလုပ်ငန်းဆိုလျှင် ကျပ်သိန်း ၁၀၀ သာ ထုတ်ပေးနေသည်ဟု လုပ်ငန်းရှင်တို့ထံမှ သိရသည်။

“ရော်ဘာရောင်းဝယ်ဖို့က အခုလောလောဆယ်ခက်နေတာ ပိုက်ဆံမရှိနေဘူး။ ဘဏ်က တစ်နေ့ သိန်း ၂၀ ပဲထုတ်လို့ ရတယ်။ တစ်ခါတစ်လေမှ ၁၀၀ ထုတ်ပေးတာ ပိုက်ဆံရဖို့ ခက်ခဲနေတော့ လည်ပတ်ဖို့က အဆင်မပြေဘူး။ ရောင်းပြီးတော့ ငွေထုတ်လို့မရဘူး။ ထုတ်မရတော့ ပြန်ဝယ်မနိုင်ဘူး။ ရော်ဘာတွေက အများကြီးပေါ့။ ဘယ်မှာဝယ်ဝယ် ရနေတာ ဒါပေမယ့် မဝယ်ရဲဘူး ဝယ်ပြီးကိုယ်ပဲ ခက်ခဲသွားတာ” ဟု သံဖြူဇရပ်မြို့နယ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာအဝယ်ဒိုင် ၄၀ နီးပါးရှိနေပြီး လက်တ‌လောတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ငွေပေးချေမှုအခက်အခဲကြောင့် လုပ်ငန်းတစ်ချို့ရပ်ဆိုင်းထားရသည်လည်းရှိသည်ဟု ရော်ဘာအဝယ်ဒိုင်တို့ထံမှ သိရသည်။

မွန်ပြည်နယ်ထွက် ရော်ဘာများကို တရုတ်ဘက်သို့ အဓိက တင်ပို့နေပြီး လတ်တလော ရှမ်းမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် လမ်းများပိတ်ထားသည့်အတွက် တရုတ်ဘက်သို့ တင်ပို့နိုင်ခြင်းမရှိပဲ ထိုင်းဘက်ကိုသာ တင်ပို့နေရသည်ဟု ဆိုသည်။

“အခုလောလောဆယ်ကတော့ တရုတ်ဘက်တင်သွင်းလို့ အဆင်မပြေသေးဘူးဆိုတော့ ဘုရားသုံးဆူ၊ မြဝတီ ဘက်ပဲပို့နေတာ အခုကအခြေအနေအရဆိုတော့ ရတဲ့လမ်းကနေပဲရောင်းဝယ်နေတယ်။ နောက်ပြီး လမ်းကလည်း ဟိုဘက်ကပိတ် ဒီဘက်ပိတ်နဲ့သွားလို့မရ တော်တော်ခက်ခဲနေတယ်”ဟု အထက်ပါ ရော်ဘာအဝယ်ဒိုင်က ဆက်ပြောသည်။

အလားတူ တိုက်ပွဲဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရော်ဘာအရောင်းအဝယ် ရပ်နားထားသည့် ချောင်းနှစ်ခွကျေးရွာမှ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

“ရော်ဘာအဝယ်ဒိုင်တွေလည်း အခုလောလောဆယ် မဝယ်ကြတော့ဘူး။ ဝယ်ရင်လည်း စျေးနှိမ်တယ်။ လမ်းသွားလို့ မရလို့ပြောတယ်။ ကျိုက်မ‌ရောဘက်ကနေလည်း မသွားရဲ၊ MCL ဘိလပ်မြေစက်ရုံဘက်လည်း စစ်ကြောင်းရှိ‌နေတော့ မသွားလာရဲ အဲလိုဖြစ်နေတယ်။ သွားလာလို့ရရင် ပြန်ဝယ်မယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေကြပြီး၊ လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ရော်ဘာအစေးခြစ်ရန်လည်း အခက်အခဲကြုံနေရသည့် အခြေအနေရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts