spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်း၁၀ ရက်ကျော်ကြာ ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း အရပ်သား (၇) ဦးထက်မနည်း သေဆုံးဟု ဆို

    ၁၀ ရက်ကျော်ကြာ ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း အရပ်သား (၇) ဦးထက်မနည်း သေဆုံးဟု ဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၂၃၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ နှစ်ဖက် ပစ်ခတ်မှုများ ဆက်ဖြစ်နေပြီး အရပ်သားပြည်သူများ (၇) ဦးထက်မနည်း သေဆုံးမှုရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းများ၏ ပြောပြချက်အရ သိရသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးရှိ စစ်ကောင်စီ ရဲစခန်းနှင့် တံတားဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့တို့က ပြီခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    “ဒီနေ့ (နိုဝင်ဘာလ ၂၃ ရက်) အထိ အခြေအနေက တင်းမာနေကြတုန်းပဲ၊ လက်နက်နဲ့လည်း ပစ်နေကြတယ်။ ဒီတိုက်ပွဲကာလမှာတော့ လက်နက်နဲ့ပစ်ခံထိလို့ ရွာခံ (၇) ဦးလောက် သေဆုံးခဲ့ တာရှိတယ်။ နောက် ဒဏ်ရာရတဲ့ ရွာသားတွေလည်း ရှိတယ်၊ ဘယ်နှစ်ဦးထိလဲတော့ မပြောနိုင် ဘူး။ ဒဏ်ရာရတဲ့သူ များနိုင်တယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဒေသခံအမျိုးသား တစ်ဦးက ပြောပြသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပေါလာကုန်းကျေးရွာနေ အသက် (၇) နှစ်အရွယ်နဲ့ (၈) နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ နှင့် ၂၁ ရက်နေ့တုန်းကလည်း တောင်ကလေးကျေးရွာ အတွင်း စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

    ထို့အပြင် မယ်တရိုနှင့် လှကဇိုင်းကျေးရွာအကြားရှိ လမ်းဘေးတစ်နေရာတွင်လည်း လက်နက်ကျည်ထိမှန်မှုကြောင့် သေဆုံးနေသည့် အရပ်သားပြည်သူ အလောင်း (၃) လောင်းလည်း တွေ့ရှိထားသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

    “အဲဒီအလောင်း (၃) လောင်းက ရွာသားတွေဖြစ်တယ်လို့ ပြောနေကြတယ်၊ ဒါပေမယ့် ဘယ်ရွာကလဲတော့ မပြောနိုင်သေးဘူး၊ အဲဒီဘက်မှာ လမ်းပိတ်ထားတယ်၊ ဘယ်သူကမှလည်း သွားပြီးတော့ မကောက်ရဲဘူးလေ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

    လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးခဲ့သည့် အထက်ဖော်ပြပါ အရပ်သား (၇) ဦးနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို အတည်ပြုပြောဆိုနိုင်ခြင်းမရှိသေးဟု ဆိုသည်။

    ၁၀ ရက်ကျော်ကြာ ဖြစ်ပွါးလျက်ရှိသည့် တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် နေ့စဥ်းပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲကြောင့် ချောင်းနှစ်ခွအနီးရှိ မရမ်းကုန်၊ ချောင်းနှစ်ခွ၊ လှကဇိုင်း၊ မယ်တရို၊ မီးသွေးကုန်၊ တောင်ကလေးစသည့် ကျေးရွာ (၈) ရွာက ဒေသခံတစ်သောင်းနီးပါးတို့လည်း ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်ရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတို့ထံမှ သိရသည်။

    “အဓိက စစ်ရှောင်တွေအတွက် လိုအပ်တာက ခိုလှုံဖို့ နေရာတိတိကျကျရှိဖို့ပါပဲ၊ အခုက ကိုယ့်ဆွေးမျိုး နီးစပ်ရာတွေမှာ တိမ်ရှောင်ကြတယ်၊ တစ်ချို့က ဘုန်းကြီးကျောင်းမှာရှိတယ်။ တစ်ချို့က အနီးနားမှာရှိတဲ့ တောင်တွေမှာလည်း ရှောင်နေကြတာရှိတယ်။ ဒီလိုမျိုး ရေရှည်ဆို သိပ်တော့မလွယ်ဘူး။ နှစ်ဖက်တင်းမာနေကြတုန်းဆိုတော့ ပြောဖို့တော့ ခက်နေတယ်” ဟု အခြားစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

    တစ်ဖက်တွင်လည်း တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ယနေ့အချိန်အထိ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်း နှင့် မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းမျာကို စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်မရပဲ ပိတ်မိနေသည့် ဒေသခံပြည်သူ အများအပြားလည်း ရှိကြောင်း သိရသည်။

    လက်ရှိအခြေအနေအရ ချောင်းနှစ်ခွတံတားအနီးတဝိုက်ရှိကျေးရွာများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တည်ရှိနေသလို စစ်ကောင်စီတပ် စစ်ကြောင်းများကလည်း တောင်ကလေးကျေးရွာ၌ အင်အားဖြည့်ထားပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks