spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲဖြစ်နေသည့် ကျိုက်မရောနှင့် ကြာအင်းဆိပ်ကြီးဘက် ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ

    တိုက်ပွဲဖြစ်နေသည့် ကျိုက်မရောနှင့် ကြာအင်းဆိပ်ကြီးဘက် ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၂၂၊ ၂၀၂၃။

    တိုက်ပွဲဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကြားအင်ဆိပ်ကြီးမြို့နယ်ဘက်က ကျေးရွာအများစုတို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်း ဒေသတွင်း တိုက်ပွဲပြင်းထန်လာခဲ့သည်။

    တိုက်ပွဲပြင်းထန်နေသည့် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်က ကျေးရွာများနှင့် ချောင်းနှစ်ခွနှင့် ဆက်စပ်နေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်ခြမ်းက ကျေးရွာအချို့တို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်သွားသည်ဟု ဒေသခံတို့က ပြောသည်။

    “တိုက်ပွဲဖြစ်ပြီးတော့ ရနေသေးတယ်။ ဖုန်းလိုင်းတွေက မရတာက ဒီတစ်ရက် နှစ်ရက်အတွင်းမှာပဲ တိုက်ပွဲကြောင့် ဖြတ်တောက်လိုက်တာလား ဘာလားတော့ သေချာမသိဘူး။ ဖုန်းလိုင်းမရတော့ ရွာကနဲ့ ဆက်သွယ်လို့မရတော့ ဘာတွေဖြစ်နေလဲ မသိရဘူး။ တိုက်ပွဲအခြေအနေလဲ မသိရဘူး” ဟု တိမ်းရှောင်နေရသည့် ကျိုက်မရောမြို့နယ်အတွင်းက ဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲကြောင့် လမ်းခရီးအခက်အဲအခြေအနေကြောင့် ဆက်သွယ်ရေး တာဝါတိုင်များကို ဆီသွားမဖြည့်နိုင်လို့ ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်သွားသည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်ရောဆိပ်ကြီးရွာခံတစ်ဦးကလည်း “အသံကို ပဲနားစွင့်ထားရတယ်။ ဘယ်နေရာမှာ ဗုံးပေါက်သွားလဲ။ အထုတ်ပြင်လို့ မီအောင်လေ။ ဖုန်းလိုင်းရှိရင် ဖုန်းဆက်မေး ဘာညာနဲ့ ကြိုတင်ပြင်ဆင်လို့ရတယ်။ အခုက ဖုန်းလိုင်းလည်းမရှိတော့ ဘာသတင်းမှလည်း မသိရဘူး။ တစ်နေ့တစ်နေ့ ကိုယ့်အနီးနားမှာ ဘာတွေဖြစ်နေလဲ မသိနိုင်ဘူး။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အရင်လို အကြောင်းတစ်ခုခုထူးရင် ပြောပြတာတို့လည်း မရှိဘူး။ ကိုယ်ဟာနဲ့ကိုယ် ကိုယ်လုံခြုံဖို့ မိသားစုလုံခြုံဖို့အတွက်ပဲ တွေးနေရတာ” ဟု ၎င်းက ဆိုသည်။

    ၎င်းပြင် တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့် ခလယ်-တံခွန်တိုက်ဘက်က ကျေးရွာတို့တွင်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရဖြစ်နေသည်ဟု တိုက်ပွဲကြောင့် မုဒုံမြို့ပေါ် ပြောင်းရွှေ့နေထိုင်နေသည့် နောင်ဒေ့ဒေသခံတစ်ဦးက ပြောသည်။

    “အမတို့ရွာက တိုက်ပွဲဖြစ်နေတဲ့ ခလယ်-တံခွန်နဲ့ အရမ်းနီးနေတာလေ။ အခုက တိုက်ပွဲမဖြစ်ပေမယ့် လေယာဉ်တွေ အိမ်ခေါင်မိုးပေါ် သွားသွားလာလာ ရှိနေတော့ အိမ်က အမေကို စိတ်ပူတယ်လေ။ ဒါပေမယ့် ဖုန်းလိုင်းလည်းမရှိတော့ မေးလို့လည်းမရဘူး။ သူတို့ဘက်က စပြီး ဆက်သွယ်လာမှ စကားပြောရတယ်” ဟု ၎င်းက ပြောသည်။

    ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည့်အတွက် ဒေသတွင်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းအသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်နေရသူတို့လည်း လုပ်ငန်းရပ်နားထားရသည်ဟု ဆိုသည်။

    အဆိုပါဒေသတွင် ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် MPT၊ Ooredoo၊ Atom၊ Mytel တို့ကို အသုံးပြုကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts