နိုဝင်ဘာ ၂၂၊ ၂၀၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ မြို့တော်ဦးဘုန်းကြီးကျောင်းအနီးရှိ နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖိုး ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ အရွယ် ဦးထွန်းရင်(ခေါ်)ဦးကုလားနှင့် မြေးဖြစ်သူ မောင်ဖြိုးမင်းခန့်တို့ ၂ ဦး လက်နက်ကြီးကျည်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြင် ဦးထွန်းရင်၏ သားဖြစ်သူ ကိုခန့်မိုးဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကော့ကရိတ်ဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည်ခန့်က ကော့ကရိတ်မြို့ အမှတ်(၁) ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသား စု ၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
၎င်းပြင် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
စစ်အုပ်ချုပ်ကြေညာထားသည့် ကော့ကရိတ်မြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ၊ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားတို့ကြား တိုက်ပွဲကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။