Home သတင်း ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ၊ ၃၀၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦးသေ၊ ၃၀၀၀ ကျော် ထွက်ပြေးနေရ

နိုဝင်ဘာလ ၂၁၊ ၂၀၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားဒေသခံ တစ်ဦးသေဆုံးပြီး၊ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စုထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးရွာအနီးက စစ်ကောင်စီတပ် အမှတ်-(၅၉၈) ခြေမြန်တပ်ရင်းမှ ခရွဲကျေးရွာအုပ်စု၊ ချောင်းဝရွာထဲသို့ လက်နက်ကြီး ၄ လုံး ပစ်ခတ်ရာ ရွာအနီးလယ်ကွင်းထဲကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ထဲတွင်အလုပ်လုပ်နေသည့် အသက် ၅၄ နှစ်အရွယ် ချောင်းဝရွာသား ဦးမင်းနိုင် ကျည်စထိမှန် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

၎င်းပြင် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်တောင်းမြစ် အနောက်ဘက်ခြမ်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဝေါမြို့ရှိ အုတ်ဖို (၂) အရှေ့ဘက်ခြမ်း အုန်းတောကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ခရွဲကျေးရွာထဲ လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ကြောင်း လက်နက်ကြီးသည် နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိသော်လည်း နွားထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောက်ဖျာ၊ ပျဉ်းကတိုးကုန်း၊ ဇီးပြောင်း‌၊ ဝင်းကံ၊ ဝင်းကလော၊ အာလူး၊ ငှက်ပျောတောကျေးရွာအုပ်စုထဲက အရပ်သားပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည် ဆိုထားသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟုလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးမှု၊ လူနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုနှင့် အိမ်မွေးတိရစ္ဆာန် ထိခိုက်သေဆုံးမှုရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.