spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွတိုက်ပွဲအတွင်း ပိတ်မိနေသူများ စားနပ်ရိက္ခာအခက်အခဲဖြစ်လာ

    ချောင်းနှစ်ခွတိုက်ပွဲအတွင်း ပိတ်မိနေသူများ စားနပ်ရိက္ခာအခက်အခဲဖြစ်လာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာလ ၁၇၊၂၀၂၃။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲအတွင်း ပိတ်မိနေသည့် ဒေသခံပြည်သူများ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်လာသည်ဟု ပိတ်မိနေသူတို့ထံမှ သိရသည်။

    ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲကြောင်း ချောင်းနှစ်ခွအပါအဝင် အနီးနားက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း လမ်းများ ပိတ်ထားသည့်အတွက် ဒေသခံအများစုက ထွက်ပြေးမရပဲ ကျေးရွာအတွင်း ပိတ်မိနေကြသည်။

    တိုက်ပွဲသည် ရက်ကြာလာသည့်နှင့် ကျေးရွာအတွင်း ပိတ်မိနေသူတို့က စားနပ်ရိက္ခာအတွက် အခက်အခဲရှိလာသည်ဟု မယ်တရိုဒေသခံတစ်ဦးက ပြောသည်။

    “တိုက်ပွဲက ရက်ကြာလာတော့ ရွာထဲမှာ ပိတ်မိနေသူတွေက စားဖို့၊ သောက်ဖို့အတွက် ခက်ခဲလာပြီးလေ အကူအညီပေးဖို့ကလည်း လမ်းတွေ ပိတ်ထားတော့ ဝင်လို့မရဘူး။ သူတို့ ထွက်လာဖို့ကလည်း ထွက်လာလို့မရဘူး၊ တချို့ကလည်း တောလမ်းကနေ ဖြတ်သွားနေတာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

    တိုက်ပွဲသည် နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းအထိ ဖြစ်ပွားနေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်လည်း နေ့စဉ်ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    လက်ရှိတွင် ချောင်းနှစ်ခွဘက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က တည်ရှိနေသေးသလို စစ်ကောင်စီတပ် စစ်ကြောင်းလည်း ဝင်ရောက်လာနေသည့်အတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေနိုင်သည်ဟု ဒေသခံတို့က သုံးသပ်နေကြာသည်။

    “တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဆက်ရှိနေတော့ တိုက်ပွဲက ဆက်ဖြစ်နေမှာပဲ။ လက်နက်ကြီး ပစ်တာ၊ လေယာဉ်နဲ့လည်း ဆက်ပစ်နေအုံးမှာ တကယ်လို့ သူတို့ထွက်သွားရင်တော့ တိုက်ပွဲက တိတ်သွားနိုင်တယ်။ စစ်တပ်ဘက်ကလည်း စစ်ကြောင်းထိုးတာ၊ လုံခြုံရေးချနေတာရှိနေတယ်” ဟု တခြားဒေသခံတစ်ဦးက ပြောသည်။

    ချောင်းနှစ်ခွတိုက်ပွဲအတွင်း လက်နက်ကြီးကျဉ်ထိပြီး ကလေးနှစ်ဦး သေဆုံးသွားခဲ့သည့်အပြင် လူထိခိုက်ဒဏ်ရာရတာ၊ လူနေအိမ် ထိခိုက်ပျက်စီးတာတွေလည်းရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts