spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် လမ်းများပိတ်ထားလို့ ကြာအင်းဆိပ်ကြီးဒေသခံများ သွားလာရေးအခက်ကြုံ

    တိုက်ပွဲကြောင့် လမ်းများပိတ်ထားလို့ ကြာအင်းဆိပ်ကြီးဒေသခံများ သွားလာရေးအခက်ကြုံ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၃။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတွၚ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လမ်းများပိတ်ထားသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဒေသခံပြည်သူများ သွားလာရေးအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်သို့ ဆက်သွယ်ထားသည့် ချောင်းနှစ်ခွတံတားရှိ ဂိတ်နှင့် ချောင်းနှစ်ခွရွာ ရဲစခန်းတိုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲဖြစ်ပြီးနောက် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းတို့အပြင် ကျေးရွာချင်းဆက်လမ်းပိုင်းများကိုလည်း စစ်ကောင်စီတပ်ဘက်က ပိတ်ထားခဲ့ပြီး အရေးကြီးကျန်းမာရေးကိစ္စကအစ ဖြတ်သန်းသွားလာခွင့်မပြုဘူးဟု ဒေသခံတို့ထံမှ သိရသည်။

    “ဦးဇင်းတို့ ဒကာတစ်ယောက်ဆို လက်မောင်းမှာ ၁ လက်မခွဲလောက်နက်တဲ့ကျည်စဒဏ်ရာရထားတော့ ဦးဇင်းတို့က မြို့တက်ပြီး သွားထုတ်မလို့ကို ဒဏ်ရာနည်းလို့ဆိုပြီး မပေးသွားဘူး။ ရွာမှာက မွန်ပြည်သစ်ပါတီက ဆေးဆရာတစ်ယောက်ရှိနေတော့ တော်သေးတယ်။ သူနဲ့ပဲ ဆင်ပြေသလို ကုနေရတာပေါ့။ ဒဏ်ရာကြီးကြီးမားမားရှိမှ ပေးသွားတယ်။ ဝင်ထွက်ဖို့ကမလွယ်ဘူး။ ကျွန်းသစ်ကနေ ကဒါထိရောက်ပြီးလို့ရှိရင် လမ်းမကြီးလမ်းအသေးအကုန်လုံး ပိတ်ထားတာ” ဟု ဒေသခံ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

    မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်သို့ အဓိက သွားလာအသုံးပြုနေရသည့် လမ်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ထီပေါ့ကလို၊ တောင်ပေါက်၊ ရွှေလအင်း အစရှိသည့်ကျေးရွာများက ဒေသခံပြည်သူများ သွားလာရေးနှင့် စားနပ်ရိက္ခာသယ်ယူရေးအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီပေါ့ကလိုကျေးရွာခံတစ်ဦးက ပြောသည်။

    “အခုလောလောဆယ်ကတော့ ချောင်းနှစ်ခွလမ်းက ပိတ်ထားတုန်းပါပဲ။ ကျွန်တော်တို့ရွာတွေဘက်ကဆို ဖားတလယ်လမ်းဘက် သွားနေရတယ်။ အဲ့ဘက်လမ်းကကလည်း စစ်ဆေးရေးဂိတ်တွေများ၊ လမ်းလည်းကြမ်း၊ ဝေးလည်းဝေးတော့ အချိန်ပိုကြန့်ကြာတယ်။ စားနပ်ရိက္ခာ အထူးသဖြင့် ဆန်ပေါ့နော် ဆန်ဆိုလည်း ကားတစ်စီးကို ၅ အိတ်၊ ၆ အိတ်လောက်ပဲ တင်ခိုင်းတာ။ အဲ့လိုဆိုတော့ ဈေးတွေ ခုန်တက်တာပဲပေါ့” ဟု ၎င်းဒေသခံက ပြောသည်။

    ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၎င်းဒေသတွင် တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    တိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော၊ အစရှိသည့် ကျေးရွာ ၁၀ ထက်မနည်းက ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လမ်းများ ပိတ်ထားသည့်အတွက် ထွက်ပြေးမရပဲ ပိတ်နေသည့် ဒေသခံများလည်း ရှိနေသည်။

    ချောင်းနှစ်ခွတိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိပြီး ကလေးနှစ်ဦး သေဆုံးသွားခဲ့သည်ရှိသလို လူထိခိုက်ဒဏ်ရာရတာ၊ လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks