Sunday, March 29, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ်အတွင်းက စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရ

    တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ်အတွင်းက စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရ

    -

    နိုဝင်ဘာ ၁၅၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် အနီးနားဝန်းကျင်တဝိုက်က အခြေခံပညာကျောင်းပေါင်း ၃၀ ကျော် ပိတ်ထားရကြောင်း သိရသည်။

    ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

    တိုက်ပွဲကြောင့် ဒေသတွင်းက အခြေခံပညာကျောင်း ၃၅ ကျောင်းကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း နယ်မြေတည်ငြိမ်မှသာ ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

    တိုက်ပွဲသည် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော၊ အစရှိသည့် ကျေးရွာ ၁၀ ထက်မနည်းက ပြည်သူများ စစ်ဘေးသင့်နေသည်ဟု သိရသည်။

    “ပစ်ခတ်မှုက ဖြစ်နေတုန်းပါပဲ။ လေယာဉ်နဲ့ ပစ်နေတာတော့မရှိပေမယ့် အမြောက်တွေနဲ့ ပစ်ခတ်နေတာကတော့ ရှိနေတယ်။ ချောင်းနှခွဘက်ကိုပဲ ပစ်ခတ်နေတာ။ အခြေအနေကတော့ တစ်ဖက်ဖက်က နောက်မဆုတ်လိုက်ရင်တော့ တိုက်ပွဲက ဆက်ဖြစ်နေအုံးမယ်။ အခုက နှစ်ဖက်စလုံး အရှိန်ကောင်းနေတုန်းအခြေအနေမှာရှိနေတယ်” ဟု မယ်တရိုဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲစဖြစ်သည့်နေ့ကတည်းက မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်း မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ထားသည့်အပြင် ကျေးရွာချင်းဆက်လမ်းများကိုလည်း ပိတ်ထားခဲ့သည်။

    လမ်းများ ပိတ်ထားသည့်အတွက် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မရပဲ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာတွေအတွင်းမှာပဲ ပိတ်မိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “လမ်းကတော့ အခုထိ ပိတ်ထားတုန်းပဲ။ တောင်ကလေးကနေ ကဒါထိပိတ်ထားတယ်။ လမ်းတွေ ပိတ်ထားတော့ လူတွေ ထွက်ပြေးလို့မရဘူး။ ရွာမှာပဲ ပိတ်မိ နေကြတာ။ အကုန်လုံးနီးပါးပဲ။ ထွက်ပြေးလို့ရတာက ၁၀ ပုံ ၁ ပုံလောက်ပဲရှိမယ်။ လမ်းတွေအကုန်ပိတ်ထားတော့ တောလမ်းကနေ ပတ်ပြီးထွက်လာရတယ်။ တချို့ကလည်း ရေလမ်းကနေ ထွက်လာရတယ်” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

    လက်ရှိတွင် ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

    ချောင်းနှစ်ခွတိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိပြီး ကလေးနှစ်ဦး သေဆုံးသွားခဲ့သည်ရှိသလို လူထိခိုက်ဒဏ်ရာရတာ၊ လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks