spot_img
Sunday, May 19, 2024
More
    spot_img
    Homeသတင်းလွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့်မိသားစုဝင်များကို လုံခြုံစွာစောင့်ရှောက်ထားဟု IEC ထုတ်ပြန်

    လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့်မိသားစုဝင်များကို လုံခြုံစွာစောင့်ရှောက်ထားဟု IEC ထုတ်ပြန်

    -

    နိုဝင်ဘာ ၁၅၊ ၂၀၂၃

    ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်သည်။

    လွိုင်ကော်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့သည့်တိုက်ပွဲကြောင့် တက္ကသိုလ်အတွင်း ပိတ်မိနေသည့် Non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင် ခေါ်ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

    အဆိုပါ ဝန်ထမ်းများနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနှင့်အညီ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း IEC အထွေထွေ အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။

    “သူတို့ကိုတော့ စိတ်ချလုံခြုံပြီးတော့မှ သက်သောင့်သက်သာရှိတဲ့နေရာမှာ ထားထားပါတယ်။ တခြားစစ်ဘေးရှောင်တွေထက်စာရင် သူတို့က ပိုပြီးတော့မှ စားဖို့သောက်ဖို့ နေရာထိုင်ခင်း အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိအချိန်မှာ သူတို့က အကြောက်တရားတွေနဲ့ရှိနေနိုင်တယ်ဆိုတာတော့ ကျွန်တော်တို့မငြင်းဘူး။ ဒီမှာလည်း စိတ်ချလုံခြုံတယ်ဆိုပေမဲ့ လက်နက်ကြီးသံတွေ လေယာဉ်သံတွေကတော့ ဆက်ကြားနေရတာပါပဲ။ အဲတော့ စိတ်ပိုင်းဆိုင်ရာကတော့ သူတို့ကြောက်စိတ်တွေ ဆက်ရှိနိုင်တယ်။ ပြီးတော့ အရင်တုန်းက သူတို့ သက်သောင့်သက်သာနေခဲ့တဲ့ အဆောင်တွေထက်စာရင် အခုကတောထဲ တောင်ထဲမှာ အရေးပေါ်အဆောက်အဦးမှာ နေရတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ နည်းနည်းပင်ပမ်းမှုတော့ရှိမယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ချိုချိုသာသာပြောဆိုဆက်ဆံတာရှိမယ်။

    လိုအပ်တဲအစားအသောက်တွေစီမံပေးတယ်။ နောက်ပြီးတော့မှ သူတို့လိုအပ်တဲ့ တကိုယ်ရည် သန့်ရှင်းရေးတွေအတွက် စီမံပေးထားတာရှိတယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း ပေးထားတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို နိုင်ငံတကာစံနှုန်းတွေနဲ့ကြည့်မယ်ဆို တော်တော်လေးအဆင့်မြင့်မြင့်ရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ကျန်ဝန်ထမ်းအချို့ကိုလည်း ဆက်လက်ကယ်တင်ထားပြီး အရေအတွက်အားဖြင့် ၁၈၀ အထက်ရှိပြီး ဖြစ်ကြောင်း IEC က ဆိုသည်။

    နိုဝင်ဘာလ ၁၁ ရက်နေ့က လွိုင်ကော်မြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲသည် နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ပြင်းထန်ဆဲဖြစ်သည်။

    တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်တက္ကသိုလ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်များကိုလည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက‌တော့ “KNPP နဲ့ PDFပူးပေါင်းအဖွဲ့တွေအနေနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာရှိတယ်။ ပြီးရင် အထဲမှာရှိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်ဖို့ လုပ်ခဲ့တာရှိတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်က ဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရမှုမရှိစေရေး၊ ဘေးကင်းလုံခြုံစေရေးအတွက် ဘေးကင်းရာနေရာတွေ ပို့ဆောင်ရေးကို ဆောင်ရွက်လျက်ရှိတယ်” ဆိုပြီး မီဒီယာတွေကို ပြောဆိုခဲ့သည်။

    တိုက်ပွဲစတင်ဖြစ်ပွားစဉ်က စစ်ကောင်စီတပ်အား လာရောက်ကယ်တင်ပေးရန် ဝန်ထမ်းများက ဆက်သွယ်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ လာရောက်ကယ်ဆယ်ပေးခဲ့ခြင်းမရှိကြောင်း Non-CDM ဝန်ထမ်းတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး IEC ဆိုထားသည်။

    စောင့်ရှောက်ထားသော Non-CDM ဝန်ထမ်းများနှင့် မိသားစုများအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၏ “CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း”မှ Non – CDM ဆိုင်ရာ ပြဌာန်းချက်များ၊ လူ့အခွင့်အရေးများကို အခြေခံပြီး ဆက်လက်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း IEC က ထုတ်ပြန် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts