Saturday, March 28, 2026
More
    spot_img
    Homeသတင်းကရင်နီတွင် လက်နက်ကြီးထိပြီး ၃ ရက်အတွင်း သေဆုံးသူ ၂၀ ဦးရှိ

    ကရင်နီတွင် လက်နက်ကြီးထိပြီး ၃ ရက်အတွင်း သေဆုံးသူ ၂၀ ဦးရှိ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ၂၀၂၃၊ နိုဝင်ဘာ ၁၄

    ကရင်နီပြည်နယ် (ကယားပြည်နယ်)တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည် လက်နက်ကြီးထိမှန်ပြီး နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့ထိ ၃ ရက်အတွင်း သေဆုံးသူ ၂၀ ဦးရှိသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်သည်။

    ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ နှင့် လွိုင်ကော်မြို့ ရပ်ကွက်များအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၂၀ ဦးတွင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁၃ ဦးပါဝင်ပြီး ကျန် ၃ ဦးမှာ အတိအကျ မသိရသေးသည့်အခြေအနေဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၎င်းပြင် လက်နက်ကြီးထိခိုက်ဒဏ်ရာ ရရှိသူ ၁၅ ဦး ရှိပြီး၊ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦးနှင့် ကလေး ၁ ဦးပါဝင်ကာ ကျန်သူများမှာ အတိအကျ မသိရသေးသည့်အခြေအနေဟု KHRG ဆိုသည်။

    စစ်ကောင်စီ၏ လေယာဥ် ဗုံးကျဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ စစ်ကောင်စီက ပစ်သတ်ခဲ့သည့် ပြည်သူ ၃ ဦးရှိပြီး အလောင်းပြန်ကောက်၍ မရသေးကြောင်း KHRG က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲကြောင့် စားသောက်ကုန်ဈေးနှုန်း မြင့်တက်နေပြီး၊ တိုက်ပွဲရှောင်နိုင်ရေး လမ်းများ ဖွင့်ပေးစေလိုကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

    “စားဝတ်နေရေးကတော့ ကုန်စည်စီးဆင်းမှုလည်း မရှိတော့တဲ့အတွက် လောလောဆယ် လက်ကျန်ကုန်၊ ဆိုင်လေးတွေတော့ ဖွင့်တော့ ဖွင့်ပါတယ်။ ဈေးကတော့ တက်တာပေါ့၊ ကန်စွန်းရွက်ဆို ၃ စည်း ၁ ထောင်ဖြစ်သွားပြီ။ ကြက်ဥ ၁ လုံး ၅၀၀ တော့ အဲဒီလိုတွေတော့ ရောင်းနေကြတာပေါ့၊ ကုန်ဈေးနှုန်း‌တော့ တက်နေပြီ၊ စားနပ်ရိက္ခာလည်း ပြတ်သလောက်ရှိနေပြီပေါ့၊ ကျနော်တို့တော့ လမ်းတော့ အမြန်ဆုံးဖွင့်ဖို့ စောင့်နေတယ်ဗျ လမ်းဖွင့်ရင်တော့ ရှောင်တဲ့ လူလည်း ရှောင်ကြမှာဆိုတော့လေ၊ အဲဒါလေးပဲ ထပ်စောင့်နေတာ”ဟု ပြောသည်။

    ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တည်ဆောက်ရေး ဖော်ဆောင်နိုင်ရန်အတွက် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်က ပြောကြားထားသည်။

    လက်ရှိတွင် လွိုင်ကော်မြို့အထွက် လမ်းများဖြစ်သော လွိုင်ကော် – ဖယ်ခုံလမ်း ၊ လွိုင်ကော် – ဆီဆိုင်လမ်း၊ လွိုင်ကော် – ဒီးမော့ဆို လမ်းများကိုလည်း လတ်တလော အသုံးမပြုသေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks