spot_img
Sunday, February 23, 2025
More
    spot_img
    Homeသတင်းချောင်းနှစ်ခွတွင် တိုက်ပွဲဆက်ဖြစ်နေ၊ လက်နက်ကြီးထိပြီး ကလေးနှစ်ဦး သေဆုံး

    ချောင်းနှစ်ခွတွင် တိုက်ပွဲဆက်ဖြစ်နေ၊ လက်နက်ကြီးထိပြီး ကလေးနှစ်ဦး သေဆုံး

    -

    နိုဝင်ဘာ ၁၃၊ ၂၀၂၃

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးကျည်ထိပြီး ကလေးနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

    နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းခန့်က ကျိုက်မရောမြို့နယ်၊ ပေါလောကုန်းကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၇ နှစ်အရွယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးနှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သလို မုဒုံအခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် လှစ်ပစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လမ်းများ ပိတ်ထားသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်မရပဲ တိုက်ပွဲဖြစ်ပွားနေသည့်နေရာတွင် ပိတ်မိနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    “ရှောင်နေရတဲ့ရွာက အများကြီးပါ။ ကိုယ့်ဟာနဲ့ ကိုယ်ရှောင်နေကြတယ်။ တောင်ကလေး၊ မယ်တရို မယ်တရိုဆိုရင် ထွက်လာလို့မရတော့ဘူး။ ကိုယ့်နေရာမှာပဲ ပုန်းနေကြရတယ်။ တချို့ ထွက်လာလို့ရတဲ့လူတွေလည်းရှိတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ လေယာဉ်တွေလည်း လာနေတုန်းပဲ။ အခုဆိုရင် ထွက်လာလို့ရတဲ့လူတွေက ကျွန်းရွာမှာ နေရာချထားပေးတယ်။ ထွက်လာလို့မရတဲ့လူတွေက ကနာလိုဘုန်းကြီးကျောင်းမှာ နေရာချထားတယ်။ ထွက်လာလို့မရတဲ့လူတွေက အများကြီးပါ။ ထွက်လာလို့မရဘူး သူတို့ (စစ်တပ်) မပေးဖြတ်ဘူး” ဟု မယ်တရိုကျေးရွာခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ချောင်းနှစ်ခွ၊ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော အစရှိသည့် ကျေးရွာ ၁၀ ထက်မနည်းတို့က ဒေသခံပြည်သူများ ပိတ်မိနေကြောင်း တိုက်ပွဲ ဆက်လက်ပြင်းထန်လာပါက ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်ဒဏ်ရာရတာ၊ လူနေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိနေသည်ဟု ဆိုသည်။

    တိုက်ပွဲကြောင့် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်း ဖြတ်သန်းသွားလာလို့မရသလို မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းတွင် အသုံးပြုသွားလာလို့မရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိကြောင်း ယခုတိုက်ခိုက်ဖြစ်စဉ်သည် ယခင်ကထက် ပိုမိုပြင်းထန်ကြောင်း ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts