မွန်ပြည်နယ် မြောက်ပိုင်း၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ် ပေါင်မြို့နယ်တွင် လူမူကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည် စွပ်စွဲချက်ဖြင့် မော်လမြိုင် တက္ကသိုလ် ကျောင်းသူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တစ်လနီးပါးဖြင့် အမှုဖွင့် အရေးယူခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့က မော်လမြိုင်တက္ကသိုလ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က ပေါင်မြို့နယ်မှ မော်လမြိုင်မြို့သို့ ဆိုင်ကယ်မောင်းနင်း နေစဉ်အချိန်တွင် ပေါင်မြို့နယ် ကားလမ်းမပေါ်တွင် စစ်ကောင်စီ လှည့်ကင်းအဖွဲ့က စစ်ဆေးမေးမြန်းရာမှ ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။
“ အဲဒီနေ့ဖြစ်ပုံက ကောင်လေးနဲ့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူတွေ မော်လမြိုင်ကို သွားတယ် ရဲက တားတဲ့အခါမှ ဆိုင်ကယ်ရပ်လိုက်တော့ ကောင်လေးကို ပြဿနာရှာတယ်၊ အဲအချိန်မှာ ကောင်မလေးက ဖုန်းယူပြီ “ခွေးနဲ့တွေ့တယ်ဆိုပြီး” ရေးလိုက်တယ်၊ ပုဒ်မ (၅၀၅) နဲ့ တရားစွဲတယ် ကောင်မလေးက အဲလိုမရေးခဲ့ရင် ကျနော်တို့ သွားကယ်လို့ ရသေးတယ် အခုတော့ ရှင်းလို့မရတော့ဘူး တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ၁ လ နီးပါး ရှိပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တက္ကသိုလ်ကျောင်းသူဖြစ်သူမှာ စစ်ကောင်စီဘက်မှ စစ်ဆေးမှု ဆောင်ရွက်နေစဉ် “ ခွေးနဲ့တွေ့တယ်” ဟု စာကို လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေမှုကြောင့် မုတ္တမ ရဲစခန်းတွင် အပြစ်ဒဏ် ထောင်ဒဏ် ၆လ ကျပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် အရေးယူခံရသည်ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသည့် မော်လမြိုင် တက္ကသိုလ် ကျောင်းသား/သူတို့ နှစ်ဦးမှာ ပေါင်မြို့နယ် ၊ကျွဲခြံကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် တက္ကသိုလ်ကျောင်းသားဖြစ်သူမှာ ပေါင်မြို့ အချုပ်တွင် ထောင်ဒဏ် ၁၅ ရက် နှင့် ဒဏ်ငွေ ၂ သိန်း ကျပ် ပေးဆောင်ရပြီးနောက် နိုဝင်ဘာ ၅ ရက်နေ့က ပြန်လည် လွတ်မြောက်သည်ဟု ဆိုသည်။
ပေါင်မြို့နယ် ၊ဥတ္တံတားကျေးရွာမှ စောရာဇာမင်း၊ အောင်မင်းထွေး၊ ချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ မအေးနီနီအောင်တို့ (၄) ဦးကို လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်အကြီးကဲများအား အကြည်ညိုပျက်စေမည့် စာသားများ ရေးသားဖြန့်ဝေသည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် ထောင်ဒဏ် အမိန့်ချမှတ်ခံထားရကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင်ဖမ်းဆီးခံရသည့် အရပ်သား ၇၉၇ ဦးထိရှိသည်ဟု နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။
