လွတ်လပ်သော မွန်သတင်းအေဂျင်စီ – နိုဝင်ဘာ ၂၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၇ ရက်တာ ကာလအတွင်း မြို့ ၄ မြို့ကို ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၃၁ ရက်နေ့က မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသတွင် ရန်သူ့သံချပ်ကာကား ၁ စီးအား ထပ်မံသိမ်းဆည်းရရှိခဲ့ခြင်းကြောင့် သံချပ်ကာစုစုပေါင်း ၆ စီး သိမ်းဆည်းရရှိခဲ့ဟုလည်း ဆိုသည်။
ညီနောင်မဟာမိတ်အဖွဲ့ကို ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့ဖြင့် ဖွဲ့စည်းထားသည်။
ညီနောင်မဟာမိတ်၏ စစ်ဆင်ရေးမှာ အကန့်အသတ်မဲ့မဟုတ်ဘဲ အကန့်အသတ်ဖြင့် လုပ်ဆောင်သော တိုက်ပွဲဟု ယူဆကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ ကျနော်လည်း ရင်းနှီးပါတယ်၊ သူတို့ ဒီ Plan က လုပ်နေတာ ကြာပါပြီ၊ တစ်နှစ်ကျော်ပါပြီ။ သို့သော်လည်းပဲ သူတို့က အဓိကကတော့ ကိုယ့်နယ်မြေကို ပြန်လည်ထိန်းသိမ်းအုပ်ချုပ်ချင်တဲ့ သဘောပါပဲ၊ ထိန်းသိမ်းအုပ်ချုပ်ဖို့ကလည်းပဲ ကာရမယ်ဆိုတော့ အပြင်ထွက်ပြီး ခြံစည်းရုံးကာတဲ့သဘောမျိုးနဲ့ အစွန်အဖျားတွေကို သိမ်းယူထားပြီးတော့ ရေရှည်မှာ ကိုယ့်နယ်မြေနဲ့ ကိုယ် အေးအေးဆေးဆေးထိန်းချုပ်နိုင်အောင် ကြိုးပမ်းတဲ့ သဘောလို့ မြင်ပါတယ်။ တစ်နှံ့တစ်လျား ကျယ်ပြန့်ပြီးတော့ အကန့်အသတ်မဲ့ စစ်ပွဲတော့ မဟုတ်ပါဘူး။ အကန့်အသတ်နဲ့ တိုက်တဲ့ပွဲလို့ ယူဆပါတယ်” ဟု ပြောသည်။
ညီနောင်မဟာမိတ်အဖွဲ့၏ စစ်ဆင်ရေးအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် တို့လည်း ပူးပေါင်းပါဝင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးသည် မည်မျှအထိ ကျယ်ပြန့်လာမလဲဆိုတာ ခန့်မှန်းရခက်ခဲကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“ဘယ်လောက်အထိ ကျယ်ပြန့်မလဲဆိုတာ ခန့်မှန်းသုံးသပ်ဖို့တော့ ခက်ပါတယ်၊ တိုက်ခိုက်တဲ့အပေါ်မှာပဲ မူတည်ပါတယ်၊ ဘယ်လောက်အထိ မြောက်ပိုင်းမဟာမိတ်တွေက သူတို့ ဆန္ဒရှိသလဲ၊ ဘယ်လောက်အထိ တိုက်ပွဲဖော်ဆောင်နိုင်မလဲ၊ ဒီစကစအနေနဲ့လည်း ထိုးစစ်လုပ်နိုင်မလား သို့မဟုတ် ခံစစ်က ဘယ်လောက်အထိ ခံစစ်ရနိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်၊ အခု ကျနော်အနေနဲ့ သုံးသပ်လို့ ရတဲ့ အခြေအနေမျိုးတော့ မြေပြင်အခြေအနေတော့ သိပ်တော့ မလွယ်လောက်ဘူး။ အခုနောက်ပိုင်းမှာတော့ လေယာဉ်ပျံနဲ့ ထိုးစစ် ဗုံးကြဲတဲ့အပိုင်းတွေ ပိုများလာတယ်၊ အခု မြေပြင်အခြေအနေ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း လေယာဉ်ပျံနဲ့ ပတ်သက်ပြီးမှ သူတို့ဆီမှာလည်း အတွေ့အကြုံတော့ ရှိနေတော့ ဘယ်လိုမျိုး ရှောင်ရမယ်၊ ဘယ်လိုမျိုး လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း အတွေ့အကြုံတော့ ရှိနေတော့ ဘယ်လောက်အထိ ထိရောက်မလဲဆိုတဲ့အပေါ်မှာတော့ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး ၇ ရက်မြောက်နေ့အထိ စစ်စခန်း ၉၀ ကျော်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်သာမက ကချင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။