အောက်တိုဘာ ၃၁၊ ၂၀၂၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်အနီး သံလွင်မြစ်အတွင်း သဲကျောက်စုပ်နေသည့်အတွက် ရေလယ်ကျွန်းကမ်းပြိုကာ စိုက်ပျိုးမြေဧက ၈၀ နီးပါး ပြိုကျပျက်ဆီးခဲ့သည်ဟု ရေလယ်ကျွန်းတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူတို့က ပြောသည်။
ရေလယ်ကျွန်းများအနီးတွင် ကျောက်တန်းစက်ရုံစုနယ်မြေရှိ မြစ်သဲကျောက်လုပ်ငန်းများမှ သဲကျောက်များလာရောက်စုပ်ယူနေကြကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီးသက်ဆိုင်ရာဌာနသို့ တင်ပြခဲ့သော်လည်း အရေးတယူဆောင်ရွက်ပေးခြင်းမရှိကြောင်း အဓမ္မကျွန်း (မိကျောင်းကျွန်း) တွင် စိုက်ပျိုးရေးလုပ်ဆောင်နေသည့် တောင်သူတစ်ဦးက ပြောသည်။
“ကျွန်တော့်လယ် ဧက၂၀ လောက်ရှိတယ်။ အခုဆိုရင် ၄/၅ ဧကလောက် ပါသွားပြီး။ ဧက ၃၀ လောက်ရှိတဲ့ လယ်သမားက ၁၅ ဧကလောက် ကုန်သွားပြီး။ တချို့တစ်ဧကလောက်ဘဲ ကျန်တဲ့သူတွေလည်း ရှိတယ်။ လယ် ၈ ဧကလောက်ရှိတဲ့သူကလည်း ၂ ဧကလောက်ဘဲ ကျန်တော့တယ်။ အဲ့ဒီလိုအခြေအနေတွေဖြစ်ကုန်တယ်။ ကျွန်တော်တို့လယ်သမားတွေက လယ်တွေရှိမှ အလုပ်လုပ်လို့ရမှာလေ။ ဒီကမ်းတွေပြိုလို့၊ လယ်တွေပျက်ကုန်ရင် လယ်သမားတွေ အလုပ်လက်မဲ့တွေဖြစ်ပြီး” ဟု ၎င်းက ပြောသည်။
တောင်သူတို့က ကျောက်တန်းရေလယ်ကျွန်းအနီးဝန်းကျင်တွင် သဲများစုပ်နေခြင်းအား သက်ဆိုင်ရာက တားမြစ်ပေးစေချင်ကြောင်းနှင့် တခြားနေရာများတွင်သာ သဲစုပ်ခြင်းများလုပ်ဆောင်စေချင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကျောက်တန်းရပ်ကွက်အနီး သံလွင်မြစ်လယ်တွင် ရေလယ်ကျွန်းကြီး၊ ရေလယ်ကျွန်းလေး၊ မိချောင်းကျွန်း၊ အဓမ္မ (မိချောင်းကျွန်း) စသည့် ကျွန်းကြီး ၄ ကျွန်းရှိပြီး လယ်သမား ၃၀ ဦးတို့မှ လယ်ဧကပေါင်း ၃၀၀ နီးပါး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည်ဟု သိရသည်။
ရေလယ်ကျွန်းကြီးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ တောင်သူတစ်ဦးကလည်း “မြစ်သဲကျောက်စုပ်တဲ့ လှေတွေက တစ်စီးကို သဲကျင်း (၅၀)၊ သဲကျင်း (၃၀)၊ သဲကျင်း (၂၀) လှေတွေရှိပါတယ်။ လှေတစ်စီးကို သဲကျင်း (၃၀) ဘဲစုပ်တယ်ထား၊ မနက်တစ်ခေါက်၊ ညနေတစ်ခေါက်နဲ့ဆို သဲကျင်း (၆၀) ကုန်မယ်။ ဒီကျောက်တန်းစက်မှုဇုန်မှာ မြစ်သဲကျောက်လုပ်ငန်းရှင် (၅) ဦးလောက်ရှိပါတယ်။ အဲ့ဒီတော့ တစ်ရက်ကို သဲကျင်း (၃၀၀) လောက် စုပ်ယူနေကြတော့ ရက်ကနေလ၊ လကနေနှစ်၊ နှစ်ကလည်း လေးငါးခြောက်နှစ်လောက်ဖြစ်နေပြီးဆိုတော့ ဒီမြစ်သဲတွေကို နေ့စဉ်စုပ်ယူနေကြတော့ မြစ်ရဲ့ကြမ်းပြင်မှာလည်း ချိုင့်ခွက်ကြီးတွေဖြစ်ပြီးတော့ ပျက်ဆီးမှုတွေရှိနိုင်ပါတယ်။ ဒီလိုပျက်ဆီးသွားတဲ့အတွက် သဘာဝနှုန်းတွေက ချိုင့်ခွက်တွေထဲကို အနယ်ပို့ချမယ်။ ကျွန်းတွေရဲ့ကမ်းနဖူးမြေတွေကလည်းတိုက်စားပြီးရင်အဲ့ဒီချိုင့်ခွက်တွေထဲကို ဝင်သွားမှာဘဲလေ။ ဒါကလည်း စဉ်းစားစရာတစ်ချက်ဖြစ်ပါတယ်” ဟု ပြောသည်။
ရေလယ်ကျွန်းပေါ်က စိုက်ပျိုးမြေများသည် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ ပုံစံ – ၇ ထုတ်ထားပြီးသားလယ်ယာမြေများဖြစ်ပြီး တောင်သူများ နှစ်ပေါင်းများစွာ လုပ်ကိုင်နေကြကြောင်းလည်း ဆိုသည်။
လယ်သမားများအနေဖြင့် ကျောက်တန်းရေလယ်ကျွန်းအနီးပတ်လည်တွင် မြစ်သဲကျောက်များစုယူနေခြင်းအား တားမြစ်ပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားစာများတင်ပြထားပြီးဖြစ်သော်လည်း အရေးတယူဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း တောင်သူတို့က ဆိုသည်။
မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်အနီး သံလွင်မြစ်အတွင်းရှိ ရေလယ်ကျွန်းများတွင် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြကြောင်း သိရသည်။