အောက်တိုဘာ ၂၄၊ ၂၀၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ◌်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်များ စခန်းချတပ်စွဲထားသည့် ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရန်သူ့အင်အားက ပိုးများနေတဲ့အပြင် စစ်ကူလည်းရောက်လာတာရယ်၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေကြတဲ့အတွက် ပြန်ဆုတ်လာကြရတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးသည်ဟု သိရကြောင်းလည်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိသည်သိရသော်လည်း အရေအတွက်အတိအကျ မသိရှိကြောင်း ဒေသခံတို့က ပြောသည်။

ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပေမယ့် တိတိကျကျတော့ မသိရသေးဘူး” ဟု ဆိုသည်။
ဒေသခံတို့၏အဆိုအရ ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံအရပ်သား ၃ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဆိုသည်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို ကယ်ဆယ်ရေးအဖွဲ့တို့က နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာ (ကင်မွန်းစခန်း) ရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရသည်ဟု ဒေသခံတို့ထံမှ သိရသည်။