spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းပေါင်ဒေသထွက် ကျွဲကောသီးများ အဝယ်လိုက်ပြီး ဈေးကောင်းရနေ

    ပေါင်ဒေသထွက် ကျွဲကောသီးများ အဝယ်လိုက်ပြီး ဈေးကောင်းရနေ

    -

    မွန်ပြည်နယ်၊ ပေါင်ဒေသထွက် ကျွဲကောသီးများ အဝယ်လိုက်ပြီး ဈေးကောင်းရရှိနေကြောင်း မြို့နယ်အတွင်းက ကျွဲကောစိုက်တောင်သူများထံမှ သိရသည်။

    ပြည်နယ်အတွင်း၌ ပေါင်မြို့နယ်သည် ကျွဲကောသီးစိုက်ပျိုးမှုများသည့်မြို့နယ်တစ်ခုဖြစ်ပြီး ကျွဲကောသီးကို စီးပွားဖြစ် စိုက်ပျိုးကြသလို၊ တနိုင်တပိုင်စိုက်ပျိုးကြသည်လည်းရှိသည်ဟု ကျွဲကောစိုက်တောင်သူတို့က ဆိုသည်။

    ယခုနှစ်တွင် ကျွဲကောသီး အဝယ်လိုက်ပြီး ဈေးနှုန်းလည်း ယမန်နှစ်ကထက် အရွယ်အစားအလိုက် ကျွဲကောသီးတစ်လုံးလျှင် ကျပ် ၁၀၀၀ နှင့် ၁၅၀၀ ကြား ဈေးပိုရနေသည်ဟု ပေါင်မြို့နယ်အတွင်းက ကျွဲကောစိုက်တောင်သူတစ်ဦးက ပြောသည်။

    “ဒီနှစ်က သိသိသာသာ အထွက်လည်းများတယ်။ ဈေးလည်း အရင်နှစ်ထက်စာရင် ၁၀၀၀၊ ၁၅၀၀ လောက် ပိုရတယ်” ဟု ၎င်းက ပြောသည်။

    ယမန်နှစ်က ကျွဲကော်သီးတစ်လုံး ၁၅၀၀ ကျပ်နှင့် ၂၅၀၀ ကျပ်ထိသာ ဈေးအများဆုံးရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျွဲကော်သီးတစ်လုံး ၃၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိ ဈေးရရှိနေကြောင်း တောင်သူတို့ထံမှ သိရသည်။

    ပေါင်မြို့နယ်အတွင်း ကျွဲကောစိုက်ပျိုးခြင်းကို ဆင်ရွာကျေးရွာ၊ ကျုံက‌ကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း ဆိုသည်။

    ပေါင်မြို့နယ်မှ ကျွဲကောသီး ရောင်းဝယ်နေသူတစ်ဦးက “ရန်ကုန်နဲ့ မော်လမြိုင်ကိုတော့ အများဆုံး ပို့ရတယ်။ အော်ဒါလည်းတက်တယ်။ အဝယ်လည်းလိုက်တယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ကျွဲကောသီးကို ပေါင်မြို့နယ်အပြင် သထုံ၊ ကျိုက်ထို၊ မော်လမြိုင်၊ မုဒုံ၊ ရေးမြို့နယ်ဘက်လည်း စိုက်ပျိုးကြပြီး မော်လမြိုင်ကျွဲကောသီးဆိုလျှင် နာမည်ကြီးပြီး ဈေးကောင်းလည်းရရှိသည်ဟု ကျွဲကောသီးရောင်းဝယ်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်ထွက် ကျွဲကောသီးများကို ပြည်နယ်တွင်းအပြင် ပဲခူး၊ ရန်ကုန်နှင့် မန္တလေးဘက်သို့ အဓိက တင်ပို့ရောင်းချနေကြောင်း ကျွဲကောစိုက်တောင်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks