spot_img
Tuesday, February 17, 2026
More
    spot_img
    Homeမေးမြန်းချက်“ပိုက်ဆံတပြားမှ မကျန်ဘူး၊ တက္ကစီးမောင်းလို့ရတဲ့ငွေတွေ အကြွေးဆပ်လို့ ကုန်ပြီ” ဆိုသည့် ပေါင်မြို့နယ်အတွင်းက ဆိုင်ကယ်ကယ်ရီသမားတစ်ဦးရဲ့ ရင်ဖွင့်သံ

    “ပိုက်ဆံတပြားမှ မကျန်ဘူး၊ တက္ကစီးမောင်းလို့ရတဲ့ငွေတွေ အကြွေးဆပ်လို့ ကုန်ပြီ” ဆိုသည့် ပေါင်မြို့နယ်အတွင်းက ဆိုင်ကယ်ကယ်ရီသမားတစ်ဦးရဲ့ ရင်ဖွင့်သံ

    -

    မေး –  ပေါင်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုပြီး စစ်ကောင်စီက အမိန့်ထုတ်တားမြစ်လိုက်တဲ့အတွက် အခက်အခဲတွေ ဘယ်လိုရှိနေလဲ။

    ဖြေ –  သူတို့ အခုလို အမိန့်ထုတ်လိုက်တော့ ကျွန်တော်တို့အတွက် တော်တော် အခက်အခဲ ဖြစ်သွားတယ်။ ဘယ်လိုလုပ်ရမှာလဲ၊ သူမတင်ခိုင်းလို့ မတင်ရဲဘူး။ ဟိုနေ့က လူတစ်ယောက် ပြောတယ်၊ မော်လမြိုင်သွားဖို့ ကြေညာစာထုတ်ပြီးကတည်းက သွားလို့မရဘူး။ ယောကျာ်းလေး ဖြစ်နေလို့ ကျွန်တော်လည်း မတင်ရဲတော့ဘူး။ တက္ကစီး သမားတွေအားလုံး အခက်အခဲတော့ ရှိသွားတာပေါ့။ သွားချင်တိုင်လည်း မသွားရဘူး၊ မိန်းကလေးဆိုလည်း တစ်ယောက်ဘဲ တင်လို့ ရတယ်၊ နှစ်ယောက်ဆို မရပြန်ဘူး။

    မေး –  မိသားစုဝင်ငွေနှင့်ပက်သတ်ပြီးတော့ ဘယ်လိုထိခိုက်သွားတာရှိနေလဲ။

    ဖြေ – သူတို့အမိန့်မထုတ်ခင်ကဆိုရင် တက္ကစီးမောင်းတာ တစ်နေ့ကို ဝင်ငွေ နှစ်သောင်း၊ သုံးသောင်းအထိရတယ်။ တခါတလေ တစ်သောင်း၊ တစ်သောင်းခွဲလောက်လည်း ရတယ်။ အဆင်ပြေတဲ့နေ့ဆို လေးသောင်းအထိရခဲ့တယ်။ ဒီနေ့ကျတော့ ဆိုင်ကယ်ဆီဖိုးလောက်ဘဲ ရသေးတယ်၊ ဒီနေ့ အဆင်မပြေဘူး၊ ရှစ်ထောင်လောက်ပဲ ရတယ်။ နီးနီးနားနားသွားမယ်ဆိုရင် အောက်လမ်းကနေ ဂျောင်ကြိုဂျောင်ကြားဘက်တွေမှာ ပတ်ပြီး မောင်းရတယ်၊ အရပ်ဝေးဆိုရင်တော့ မသွားရဲဘူး။

    မေး – စစ်ဆေးဖမ်းဆီးတဲ့အပိုင်းမှာ ဘယ်လိုအခြေအနေရှိလဲ။

    ဖြေ – လမ်းမှာ နေ့တိုင်း အစစ်အဆေးရှိတယ်၊ ခရီးသည်နှစ်ဦးတင်မိရင် သူတို့လှမ်းအော်ပြီး ဖမ်းတယ်။ ဖမ်းခံရတဲ့လူရှိတယ်၊ အဖမ်းခံရတဲ့ တက္ကစီသမားတချို့ကို ပြန်ထုတ်ဖို့ဆိုရင် ပိုက်ဆံ ပေးရတယ်။ တစ်ယောက်ကို ဒဏ်ငွေတစ်သိန်းအပြင် ပုဒ်မနဲ့လည်း တရားစွဲတာတွေ ရှိတယ်။

    လမ်းသွားလမ်းလာလည်း ကြောက်ရတယ်၊ အမှတ်မထင် သူတို့စစ်တာပဲ။ သူတို့က ယာဥ်ထိန်းရဲတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် ယာဉ်မောင်းလိုင်စင်တွေ မှတ်ပုံတင်၊ ဆိုင်ကယ်ဦးထုပ်တွေကို လိုက်စစ်တယ်။ ကျွန်တော် မိန်းကလေးခရီးသည်နှစ်ယောက်ကို ဆိုင်ကယ်ပေါ်တင်ခဲ့လို့ဆိုပြီး ပိုက်ဆံငါးထောင်ထိသွားတယ်။ ပေါင်မှာက ယာဥ်ထိန်းရဲ (မော်တော်ပီကယ်) မရှိဘူး။ ရဲတွေကပဲ ရွာအဝင်ဝတွေမှာ  စောင့်ပြီး သူတို့လိုက်ဖမ်းဆီးနေတာ၊ ငွေညှစ်နေတာ၊ တက္ကစီးတော်တော်များများ ထိတယ်။ ယာဉ်မောင်းတွေ လိုင်စင်တွေ အပြည့်စုံပါပေမယ့်လည်း အဲဒီရဲတွေက အကြောင်းမရှိ အကြာင်းရှာပြီး ငွေတောင်းကြတာရှိတယ်။

    မေး – အရေးကြီးဆုံးဖြစ်တဲ့မိသားစုစားဝတ်နေရေးကို လတ်တလော ဘယ်လိုဖြေရှင်းနေရလဲ။

    ဖြေ – ကျွန်တော်က တခြားအလုပ်အကိုင်မရှိဘူး၊ တက္ကစီးဘဲမောင်းတော့ ခက်ခဲတာပေါ့နော်။ ငွေလိုအပ်ရင် ဟိုလှည့်ဒီလှည့် ဟိုချေးဒီချေးပေါ့။ အရင်ကဆို နည်းနည်းဖြေရှင်းလို့ရသေးတယ်။ မိသားစုလေးယောက်အတွက်နဲ့ ဒီတက္ကစီးမောင်းတာ တစ်ခုနဲ့ဘဲ ဝင်ငွေရတယ်။ အဆင်မပြေဘူး အခက်အခဲကတော့၊ ဒီနေ့သူများပိုက်ဆံချေးထားတယ်။ အဲတာလည်း ပေးရသေးတယ်၊ အိမ်မှာ စားဖို့ကျတော့ ပိုက်ဆံတပြားမှ မကျန်ဘူး။ အကြွှေးဆပ်လိုက်လို့ ကုန်ပြီ။ တက္ကစီးမောင်းလို့ရတဲ့ ငွေတွေ အကြွေးဆပ်လို့ ကုန်တယ်။ ဓာတ်ဆီကလည်း ဈေးကြီးတယ်၊ ဓာတ်ဆီကလည်း တက္ကစီး သိပ်မမောင်းရတဲ့နေ့ဆို အနိမ့်ဆုံး ငါးထောင်လောက်ထည့် နေရတယ်။ တက္ကစီးမောင်းကောင်းတဲ့နေ့ဆို ဓာတ်ဆီတစ်သောင်းကျော်လောက် ထည့်ရတယ်။ ကျွန်တော်က ပေါင်ကနေ မော်လမြိုင်၊ သံဖြူဇရပ်၊ ကော့ဘိန်းအထိ ခရီးသည်လိုက်ပို့ပြီး သွားရတာရှိတယ်။ ပေါင်ကနေ မော်လမြိုင်အထိဆိုရင် ခရီးသည်တစ်ယောက်ကို တက္ကစီးခ အသွားတစ်သောင်းခွဲယူတယ်။ ဆီဖိုးငါးထောင်လောက်ကုန်တယ်၊ အရင်ကလို သိပ်မရတော့ဘူး။ လူတွေ ခရီးသွားလာတာ နည်းလာတယ်၊ ကုန်ဈေးနှုန်းကလည်း တက်တော့ တော်ရုံတန်ရုံ ခရီးလောက်နဲ့က တချို့လမ်းဘဲလျှောက်သွားကြတယ်။ ပိုက်ဆံလည်း ရှာရခက်လာပြီ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks