spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းလုပ်သားရှားပါးမှုကြောင့် ရော်ဘာလုပ်ငန်းရှင်များ အခက်ကြုံ

    လုပ်သားရှားပါးမှုကြောင့် ရော်ဘာလုပ်ငန်းရှင်များ အခက်ကြုံ

    -

    ‌ရော်ဘာရာသီအစတွင် ရော်ဘာလုပ်သားရှားပါးမှုကြောင့် ရော်ဘာလုပ်ငန်းစတင်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းရှင်တို့က ပြောသည်။

    ဒေသတွၚ်းက နိုင်ငံထွက် အလုပ်လုပ်ကိုင်သူများလာခြင်းနှင့် နိုင်ငံရေးအခြေအနေကြောင့် အခြားဒေသမှ လာရောက်လုပ်ကိုင်သည့် အလုပ်သမားမရှိသလောက်နည်းပါးလာခြင်းကြောင့် ရော်ဘာခြစ်အလုပ်သမား ငှားမရခြင်းဖြစ်နေသည်ဟု မုဒုံမြို့မှ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

    “အခုဆို ဖွင့်ဖို့ (ရော်ဘာအစေးခြစ်ရန်) ပြင်ဆင် နေတယ်။ အခုထိတော့ အလုပ်သမားရှာလို့ မရသေးဘူး။ တော်တော် ရှာရခက်တဲ့အနေအထားပေါ့။ နိုင်ငံရေးအခြေအနေကြောင့် အခြားဒေသက အလုပ်သမားတွေလည်း မဆင်းလာကြဘူး။ အနီးနားလူတွေဆိုလည်း သိပ်မရှိတော့ဘူး။ နိုင်ငံခြားထွက်ကုန်ကြတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ‌ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ကျိုက်ထို၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေးအစရှိသည့် မြို့နယ်တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်အတွက်ကြောင့်လည်း ရော်ဘာလုပ်သားများအတွက် ပိုပြီးခက်ခဲစေသည်ဟုလည်း ဆိုသည်။

    ညမထွက်ရအမိန့်ကြောင့် နံနက် ၄ နာရီနောက်ပိုင်းမှသာ ရော်ဘာအစေးခြစ်နေရသဖြင့် ရော်ဘာအထွက်နှုန်းကျပြီး တွက်ခြေမကိုက်ဖြစ်နေသည်ဟု သံဖြူဇရပ်မြို့မှ ‌ရော်ဘာခြံလုပ်သားတစ်ဦးက ပြောသည်။.

    “ညမထွက်ရအမိန့်ရှိနေတော့ ညနေကတည်းက သွားနေရတယ်။ ညပိုင်းက မသွားရဲကြဘူး။ သံဖြူဇရပ်ဘက်ဆို ညမထွက်ရအမိန့်က ၉ နာရီကနေ ၄ အထိဆိုတော့ ၈ နာရီလောက်ကတော့ ရဲတွေ အဲ့အချိန်ဆို ကင်းလှည်း ထွက်နိုင်တယ်။ အခြေအနေကြည့်ပြီး သွားလာရတာပေါ့။ အလုပ်လည်းမပျက်ရအောင်လို့လေ” ဟု ၎င်းက ဆိုသည်။

    ယခုနှစ် ရော်ဘာရာသီအစတွင် ရော်ဘာတစ်ပေါင် ကျပ် ၁၈၀၀ ဝန်းကျင်ဖြင့် စျေးဖွင့်ထားပြီး ယမန်နှစ်နှင့်စာလျှင် ယခုနှစ် ရော်ဘာစျေးကောင်းရနေသည်။

    ရော်ဘာစျေးကောင်းရနေသော်လည်း တစ်ဖက်တွင် သွင်းအားစုကုန်များဖြစ်သည့် ဓာတ်မြေဩဇာ၊ ရော်ဘာအသုံးအဆောင်ပစ္စည်းစျေးနှုန်း နှစ်ဆခန့်မြင့်တက်သွားသည့်အပြင် အလုပ်သမားငှားရမ်းခလည်း စျေးမြင့်တက်သွားသည့်အတွက် အကျိုးအမြတ် သိပ်မရှိဘူးလို့လည်း ရော်ဘာခြံလုပ်ငန်းရှင်တို့က ပြောသည်။

    မွန်ပြည်နယ်တွင် ရော်ဘာကိုအဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းကျော်ရှိသည်ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

    မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့် ရင်နှီးမြှပ်နှံမှုမရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်ပြီးအရည်အသွေးနှိမ့်ကျမှုကြောင့် စျေးကောင်းမရရှိသည့်အနေအထားရှိနေသည်ဟုလည်း ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks