spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းထွက်ပြေးနေရသည့် ခလယ်-တံခွန်တိုင်ဒေသခံအများစု နေရပ်မပြန်ရဲသေး

    ထွက်ပြေးနေရသည့် ခလယ်-တံခွန်တိုင်ဒေသခံအများစု နေရပ်မပြန်ရဲသေး

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ဒေသတွင် တိုက်ပွဲနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအများစု ယနေ့ထိ နေရပ်မပြန်ရဲသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တို့ စက်တင်ဘာလ ၁၄ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် သောင်းနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    လတ်တလောတွင် ခလယ်-တံခွန်တိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်များ ဒေသတွင်း၌ ဆက်လက်တပ်စွဲထားသည့်အပြင် ညဘက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ရေပြန်မရဲသေးပဲဖြစ်နေသည်။

    “စစ်တပ်က ခလယ်၊ ဘုရားငါးဆူ၊ တံခွန်တိုင်ဘက်မှာ တပ်စွဲထားတုန်းပါပဲ။ အဲဒီကနေ ညတိုင်းပဲ အမြှောက်နဲ့ ပစ်ခတ်နေတယ်။ သူတို့ရှိနေတော့ ဘယ်တော့ တိုက်ပွဲပြန်ဖြစ်မလဲဆိုတာ မသိတော့ ရွာပြန်ဖို့က မဖြစ်သေးဘူး” ဟု ထွက်ပြေးနေရသည့် ခလယ်ဒေသခံတစ်ဦးက ပြောသည်။

    တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်ဒေသအတွင်းရှိ ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ပုလိန်၊ နောင်ဒေ့ အစရှိသည့်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် တိမ်းရှောင်နေရသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

    လက်ရှိတွင် ထွက်ပြေးနေကြရသည့် ဒေသခံများအနက်မှ သုံးပုံ တစ်ပုံခန့်သာ ပြန်လာကြသေးကြောင်း တိုက်ပွဲပြန်ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံတို့က ဆိုသည်။

    “နေရပ်ပြန်ကြသူတွေလည်းရှိတယ်။ အများစုကတော့ မပြန်ရဲကြသေးဘူး။ မြို့ဟောင်း၊ ခလယ်နဲ့ ကမော့ဝမ်ဒေသခံတွေရှိနေတဲ့ စခန်းမှာ ၁၀၀၀ ကျော်ကျော်ကျန်နေတယ်။ ကျွန်တော်တို့ အုပ်စုမှာတော့ ၂၀၀ လောက်ရှိနေတယ်။ ပြန်တာက အနည်းအကျဉ်းပဲ သုံးပုံ တစ်ပုံလောက်ပဲ ရှိတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူများကို အကူအညီပေးနေသည့် ဒေသခံတစ်ဦးက ဆိုသည်။

    ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၀ ရက်ကျော်ကြာလာသည့်အတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာသည့်အပြင် ကျန်းမာရေးဆိုင်ရာဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

    နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၈ ရက်က အရပ်သားတစ်ဦး သေဆုံးပြီး၊ နေအိမ် ၅၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်‌ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။

    တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ခလယ်-တံခွန်တိုင်‌ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ‌ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts