Tuesday, March 24, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် စစ်ဆေးမှု တင်းကြပ်လာ 

    ဘုရားသုံးဆူမြို့တွင် စစ်ဆေးမှု တင်းကြပ်လာ 

    -

    ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ထိန်းချုပ်ထားနိုင်ပြီးဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်တို့က မြို့ပေါ်အနှံ့ လုံခြုံရေးဆောင်ရွက်လာသည့်အပြင် စစ်ဆေးမှုလည်း တင်းကြပ်လာသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက ထိန်းချုပ်ထားနိုင်ပြီး  အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က သတင်းထွက်ပေါ်လာပြီးနောက် စက်တင်ဘာ ၂၂ ရက်နေ့မှစကာ မြို့ပေါ်တွင် စစ်ကောင်စီတပ်တို့က လုံခြုံရေးဆောင်ရွက်လာသလို စစ်ဆေးမှုလည်း တင်းကြပ်လာခြင်းဖြစ်သည်။

    စစ်ကောင်စီတပ်၊ ရဲ၊ BGF အင်အား ၃၀ ကျော်ရှိသည့်အဖွဲ့က မြို့အနှံ့ ရပ်ကွက်များထဲထိ နေ့ရော ညပါ ကင်းလှည့်နေပြီး စစ်ဆေးနေတာရှိကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    “လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်တွေကိုတားပြီး စစ်တယ်။ ရပ်ကွက်မှာ မသင်္ကာသူတွေကို လိုက်မေးတယ်။ အဓိက စစ်ဆေးတာက လက်နက်ခဲယမ်းပါ၊ မပါ စစ်ဆေးတယ်။ BGF တွေရော ရဲတွေရောပါပဲ။ ညဘက်လည်း လှည့်တယ်။ စစ်တယ်။ အင်အားကတော့အပြည့်ပါပဲ။ လမ်းကြားတွေလည်း ဝင်တယ်“ ဟု အထက်ပါ မြို့ခံက ပြောသည်။  

    ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းကို KNLA ပူးပေါင်းအဖွဲ့တို့မှ ယခုနှစ်ဆန်းပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီးနောက်ပိုင်း မြို့ပေါ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့သည့်အခြေအနေရှိနေသည်ဟု သိရသည်။

    ယင်းအခြေအနေတွင် ကေအဲန်ယူဘက်မှ ဘုရားသုံးဆူမြို့ကို အုပ်ချုပ်ရေးစတင်ဆောင်ရွက်နေသည်ဆိုပြီး သတင်းထွက်လာကြောင်း သို့သော် မြေပြင်တွင် စစ်ကောင်စီအပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမှ အုပ်ချုပ်နေတာမရှိကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

    “ဘုရားသုံးဆူမြို့ကို ကေအဲန်ယူက အုပ်ချုပ်ရေးစတင်လိုက်ပြီးဆိုတဲ့ သတင်းက ကျော်ကြားနေတာပေါ့လေ ဒါပေမယ့် အဲဒါက မဟုတ်သေးဘူး။ မဟုတ်ဘူးဆိုတာက လက်ရှိ ဘုရားသုံးဆူမြို့ကို ဘာအုပ်ချုပ်ရေးမှ မရှိဘူး။ (စစ်ကောင်စီ) က အုပ်ချုပ်နေတာမရှိသလို လက်နက်ကိုင်အဖွဲ့ဘက်က အုပ်ချုပ်နေတာလဲမရှိဘူး။ အဲလိုအုပ်ချုပ်နေတာမရှိလို့ ဥပဒေနဲ့ ပတ်သက်တာတွေ ဘာတွေ ဘာမှမရှိဘူး။ သူ့ဟာသူ ကိုယ့်ဟာကိုယ် လှုပ်ရှားနေကြတယ်” ဟု ၎င်းက ဆိုသည်။ 

    ယခုလိုအခြေအနေကြောင့် ဘုရားသုံးဆူမြို့တွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကိုလည်း ဘုရားသုံးဆူမြို့ခံတို့က စိုးရိမ်နေကြသည်။  

    ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်အပြင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC) နှင့် နယ်ခြားစောင့်တပ် (BGF) အခြေစိုက်ရုံးများ တည်ရှိနေသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks