Homeသတင်းခလယ်-တံခွန်တိုင်တွင် စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၅၀ ခန့်ပျက်စီး

ခလယ်-တံခွန်တိုင်တွင် စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၅၀ ခန့်ပျက်စီး

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ဒေသတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နေအိမ် ၅၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တို့ စက်တင်ဘာလ ၁၄ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိသည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၈ ရက်အထိ နေအိမ် ၅၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

၎င်းပြင် စက်တင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးထိပြီး ခလယ်ကျေးရွာ ရပ်ကွက် (၂) နေ အသက် ၄၀ စောတင်ထူးအောင် ကျည်စထိမှန် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ခလယ်-တံခွန်တိုင်ဒေသအတွင်းရှိ ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ပုလိန်၊ နောင်ဒေ့ အစရှိသည့်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် တိမ်းရှောင်နေရသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ပြည်သူပိုင် အိုးအိမ်များကို ဝင်ရောက်ဖျက်ဆီးခြင်း၊ အိမ်တွင်း မွှေနှောက်ဖျက်ဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းများလည်း ယူဆောင်သွားခြင်း ပြုလုပ်နေသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများသည် ယနေ့ထိ နေရပ်မပြန်ရဲသေးကြောင်း စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာကုသမှုနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ကူညီနေသူတို့ထံမှ သိရသည်။

ခလယ်-တံခွန်တိုင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်‌ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။

တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။  

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ခလယ်-တံခွန်တိုင်‌ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ‌ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts