Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်တပ်သည် ငြိမ်းချမ်းရေး၏ မိတ်ဖက်မဟုတ်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ထုတ်ပြန်

    စစ်တပ်သည် ငြိမ်းချမ်းရေး၏ မိတ်ဖက်မဟုတ်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ထုတ်ပြန်

    -

    လက်ရှိမြန်မာနိုင်ငံတွင် အရပ်သားပြည်သူများ သေကြေစေသည့် အကြမ်းဖက်မှုများ ဆက်ဖြစ်နေသည့်အပေါ် ရှုတ်ချကြောင်းနှင့် စစ်တပ်သည် ငြိမ်းချမ်းရေး၏ မိတ်ဖက်မဟုတ်ဘူးဟု ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မွန်ပြည်လူအခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ထုတ်ပြန်သည်။

    “ဘယ်နိုင်ငံ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြည့်လိုက်ပါ။ စစ်တပ်ရှိရင် သေကြေရမယ့်လူတွေရှိမယ်။ စစ်ဘေးဒဏ်ခံရတဲ့လူတွေ ရှိမယ်။ ဒါက လမ်းကြောင်းအမှန်မဟုတ်ဘူး။ ကိုယ့်ရဲ့ပြည်တွင်းအရေး ပဋိပက္ခတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းကြတာဟာ အဖြေမှန် ရနိုင်မှာမဟုတ်ဘူး” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောသည်။

    စစ်အာဏာသိမ်းပြီးနောက် ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခများကြားတွင် စစ်ကောင်စီတပ်က အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်ဖြင့် တိုက်ခိုက်ခြင်း၊ အမြှောက်လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အိုးမဲ့အိမ်မဲ့ဘဝအဖြစ်သို့ ရောက်ရှိသွားသူဦးရေ သိန်းနှင့်ချီ ရှိလာကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

    HURFOM ၏ လတ်တလောပြုစုထားသည့်စာရင်းများအရ မွန်၊ ကရင်နှင့် တနင်္သာရီရှိ မြို့နယ်အချို့တို့တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသူ နှစ်သိန်းနီးပါးအတွက်ကို အခြေခံ စာနပ်ရိက္ခာများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “ဒါတွေက လူ့အခွင့်အရေး ရှုထောင့်နဲ့ ကြည့်ရင် အားလုံးမှာ တာဝန်ရှိတယ်။ ပြည်သူတွေ နေ့စဥ◌်သေကြေရတယ်။ အာဏာဆုပ်ကိုင်ထားတဲ့ဘက်မှာကျတော့လူအင်အား၊ လက်နက်အားကိုးနဲ့ ပြည်သူလူထုတွေကို အကြမ်းဖက် အမျိုးမျိုးနှိပ်စက်တယ်။ ဒီဘက်မှာလည်း တော်လှန်ရေး ဆိုပြီးတော့ ပြန်တိုက်နေကြတယ်။ ဆိုတော့ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ဆိုးသထက် ဆိုးလာတာပေါ့” ဟု နိုင်အဲမွန်က ဆက်ပြောသည်။

    စစ်တပ်အာဏာသိမ်းထားသည့် ၂ နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက် သတ်ဖြတ်ခံ့ခဲ့ရသည့် အရပ်သားပြည်သူ ၄၀၀၀ ကျော်ရှိရာ ရန်ကုန်တိုင်းက သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ၇၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဥ◌်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် လူဦးရေ ၁ ဒသမ ၉ သန်းကျော်သည် မရေရာသော အခြေအနေများဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး လူမှုဘဝ ကယ်ဆယ်ရေးအကူအညီများ လိုအပ်လျှက်ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ၁၉၈၁ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက အသိအမှတ်ပြုခဲ့ပြီး ၁၉၈၂ ခုနှစ်ကစပြီး အထိမ်းအမှတ် လှုပ်ရှားမှုများဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်ဆိုလျှင် “၄၁ နှစ်” ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks