spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ်ကြောင့် တနင်္သာရီတိုင်းတွင် အရပ်သား ၁၅၅ ဦးသေဆုံး

    စစ်ကောင်စီတပ်ကြောင့် တနင်္သာရီတိုင်းတွင် အရပ်သား ၁၅၅ ဦးသေဆုံး

    -

    စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် အရပ်သား ၁၅၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ စက်တင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

    သေဆုံးခဲ့သည့် အရပ်သား ၁၅၅ ဦးတွင် ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁၀၂ ဦးဖြင့် အများဆုံးဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

    သေဆုံးသူများသည် ခုနှစ်အလိုက် ၂၀၂၁ ခုနှစ်က ၅၃ ဦး၊ ၂၀၂၂ ခုနှစ်က ၄၇ ဦးနှင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ၅၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။

    စက်တင်ဘာလ ၁၁ ရက်နေ့က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာ၌ အင်အား ၃၀ ဦးခန့်ပါသည့် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် အမှတ် (၁) ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့က ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့သည့်အပြင် အရပ်သားတစ်ဦးဖြစ်သူ ကိုရုပ်ဆိုးကိုလည်း ပစ်သတ်ခဲ့သည်။

    အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေများကြောင့် တနိုင်ငံလုံးက ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ စုစုပေါင်း ၄၀၇၅ ဦး သေဆုံးခဲ့ကြောင်း AAPP က ဆိုထားသည်။

    အာဏာသိမ်းမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄၇၆၅ ဦးရှိကာ ၎င်းထဲတွင် ၁၉၄၅၄ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၇၃၀၆ ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟုလည်း ဖော်ပြထားသည်။

    သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၃ ဦး ရှိကြောင်း၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦးအပါအဝင် ၁၁၉ ဦးသည် မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့်အတွက် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ဦး ရှိသည်ဟု AAPP က ထုတ်ပြန်ထားသည်။

    ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ၅၃၁၁ ဦး ရှိကြောင်း ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များသည် ယခုထက် ပိုမိုများပြားနိုင်ပါသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks