ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တရားရေးမဏ္ဍိုင်တွင် တာဝန်ယူလုပ်ဆောင်နေကြသည့် ရဲဘော်များအနေဖြင့် ပြည်သူများ ဝန်ပိ၊ ဝန်လေးရစေမည့် လုပ်ရပ်မျိုးနှင့် ထိခိုက်နစ်နာရစေမည့် လုပ်ရပ်မျိုး မလုပ်မိကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။
ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း (၂) နှစ်ပြည့်အဖြစ် စက်တင်ဘာ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြု မိန့်ခွန်းပြောကြားရာတွင် တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“ရဲဘော်တို့အနေနဲ့ လူထုအသံကို အနီးကပ်ဆုံးနားထောင်ကြပါ။ ပြည်သူကို အုပ်ချုပ်မှုပေးနေရတဲ့ယန္တရားကို အကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါ။ ကျွန်တော်တို့ဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရတဲ့ ဝန်ထမ်းများ ဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိ၊ ဝန်လေးရစေမယ့် လုပ်ရပ်မျိုးကို၊ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မျိုး မလုပ်မိကြဖို့ ကျွန်တော် အထူးတိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ LPDF ရဲဘော်များ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် အခက်အခဲမျိုးစုံကို အန်တုပြီး ရှေ့တန်းကနေ မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲဝင်နေသည်ကိုလည်း အထူးဂုဏ်ပြုကျေးဇူးတင်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
ဓား၊ တုတ်၊ တူမီးသေနတ်ဖြင့် ရရာလက်နက် ဆွဲကိုင်ပြီး စတင်ခဲ့ရသည့် နွေဦးတော်လှန်ရေးသည် မောင်းပြန်သေနတ် ကိုင်ဆောင်သည့် တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းပြီး ဒရုန်းတပ်များ ဖြစ်ပေါ်လာပြီဖြစ်ကြောင်း၊ စစ်ဗိုလ်ချုပ်များက အလုံခြုံဆုံးဟု မှတ်ယူထားသော နေပြည်တော်ကိုပင် မလုံခြုံမှု ခံစားရအောင် ပြည်သူများက စွမ်းဆောင်နိုင်ပြီ ဖြစ်ကြောင်းလည်း ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
တော်လှန်ရေးကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် စစ်အာဏာရှင်၏ အမူအကျင့်၊ အတွေးအခေါ်နှင့် လုပ်ရပ်များအတိုင်း မလုပ်ဆောင်မိကြရန် ယာယီသမ္မတက သတိပေးပြောကြားထားသည်။
“စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင် စစ်အာဏာရှင်များရဲ့ အမူကျင့် အတွေးခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလိုစစ်အာဏာရှင်ရဲ့ အမူအကြည့်တွေ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာဖြစ်ပါတယ်” ဟု ပြောထားသည်။
တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်မြေပြင်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတစည်းကမ်းများ (Code of conduct) ကို အမြဲလိုက်နာ စောင့်ထိန်းကြဖို့လည်း ယာယီသမ္မတက အလေးထားသတိပေးထားသည်။
ပြည်သူ့ခုခံတော်လှန်မှု ခိုင်ခိုင်မာမာနှင့် ရှင်သန်နေပြီး အောင်မြင်မှုများရယူနိုင်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေး နိုင်ငံရေး အဘက်ဘက်က လက်တွဲကူညီမှု ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် စွမ်းရည်များ ပံ့ပိုးဝေမျှမှုသည် အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုထားသည်။
