spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းစစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသရှိ ကလေးများ အဆုတ်ရောင်ရောဂါ အဖြစ်များနေ

    စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသရှိ ကလေးများ အဆုတ်ရောင်ရောဂါ အဖြစ်များနေ

    -

    မွန်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့်ဒေသက ကလေးများ အဆုတ်ရောဂါ အဖြစ်များနေသည်ဟု ဒေသတွင်းရှိ ဆရာဝန်များထံမှ သိရသည်။

    ပြည်နယ်အတွင်း မော်လမြိုင်အပါအဝင် မြို့နယ်အများစုတို့တွင် အဆုတ်ရောင်ရောဂါဖြစ်ပွားနေပြီး အထူးသဖြင့် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့်ဒေသက ကလေးများ ကာကွယ်ဆေးမထိုးနိုင်သည့်အခြေအနေကြောင့် ပိုပြီးအဖြစ်များနေသည်ဟု ကျိုက်ထိုမြို့နယ်အတွင်းက စစ်ဘေးရှောင်ကလေးများကို ဆေးကုသမှုပေးနေသည့် ဆရာဝန်တစ်ဦးကပြောသည်။

    “အဓိကက ကာကွယ်ဆေးလက်လှမ်းမမီတဲ့ဒေသ၊ ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ ပိုအဖြစ်များလာပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ ထွက်ပြေးနေရလို့ ကလေးတွေ ကာကွယ်ဆေးထိုးတဲ့အချိန်မှာ မထိုးရဘူး။ ကျန်းမာရေးဝန်ထမ်းတွေလည်း အဲဒီဒေသကိုမရောက်လာနိုင်ကြတော့ မထိုးလိုက်ရဘူး။ နောက်တချက်က ထွက်ပြေးနေရတဲ့ ကလေးတွေ တောတောင်ထဲမှာအဆင်ပြေသလိုနေနေကြရတာများတော့ အစာအာဟာရလည်း လုံလုံလောက်လောက်မရှိဘူး။ အစားအစာကြောင့်လည်းပါတယ်။ မိုးတွင်းဆို ပိုစိုးပေါ့ အဲ့လိုတွေကြောင့် ဖြစ်လာပါတယ်” ဟု ၎င်းက ဆိုသည်။

    အဆုတ်ရောင်ရောဂါသည် ရာသီဥတုအပြောင်းအလဲတွင် အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လေထုညစ်ညမ်းခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ကာကွယ်ဆေးအပြည်အဝမထိုးနိုင်ခြင်ကြောင့် နမိုးနီးယားပိုးဝင်ပြီး ထိုမှတဆင့် ကူးစက်သည့်ရောဂါတစ်ခုဖြစ်သည်ဟု ဆရာဝန်တို့ထံမှ သိရသည်။

    အဆုတ်ရောင်ရောဂါသည် မိုးတွင်းကာလအတွင်း အဖြစ်များပြီး အဓိက လသားအရွယ်ကလေးနှင့် အသက် ၅/၆ နှစ်အရွယ်ကလေးတို့တွင် အဖြစ်များသည်ဟု ဆိုသည်။

    အဆုတ်ရောင်ရောဂါသည် ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ မောပန်းခြင်း၊ အဖျားတက်ပြီး ကိုယ်အပူချိန်မကျခြင်း စသည့်လက္ခဏာများ ခံစားရတတ်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည့်အတွက် မပေါ့ဆကြရန်လည်း ဆရာဝန်တို့က တိုက်တွန်းထားသည်။

    “ကလေးတွေမှာထိုးတဲ့ ကာကွယ်ဆေးတွေ အပြည့်အဝထိုးဖို့လိုအပ်ပါတယ်။  အာဟာရပြည့်ဝတဲ့အစားအစာ‌တွေ စားသင့်တယ်။ လေကောင်းလေသန့်ရတဲ့နေရာမှာ နေဖို့လိုတယ်။ အဆုတ်ရောင်ရောဂါပိုးရှိတဲ့သူတွေနား မသွားတာမျိုးလုပ်ပါလို့ ပြောချင်ပါတယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။

    အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့တွင် တစ်နှစ်လျှင် အဆုတ်ရောဂါကြောင့် ကလေးငယ်များအပါဝင် လူပေါင်း ၃ သန်းနီးပါး သေဆုံးထားပြီး ၎င်းထဲကသုံးပုံတစ်ပုံသည် လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks