Homeသတင်းဘီးလင်းတွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

ဘီးလင်းတွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အလူးလေးကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာမှ ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ဒေသခံတို့ထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကစပြီး အလူးလေးကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အနောက်ရွာလေးကျေးရွာတို့မှ ဒေသခံ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာနေရာသို့ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

“စစ်တပ်က အလူလေးကို ရောက်ကတည်းက စိုးရိမ်နေကြတာ။ တိုက်ပွဲဖြစ်တာနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ကျလာတာ။ ဘီးလင်းအောက်ဘက်ရွာတွေကို ပြေးတာလည်း ရှိတယ်။ တချို့ကတော့ အပေါ်ဘက် ရွာတွေကို ပြေးကြတာ” ဟု အလူးလေးဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ညနေ ၄ နာရီအချိန်ခန့်တွင် ပြန်လည် ငြိမ်သက်သွားသော်လည်း နှစ်ဖက်စစ်ရေး တင်းမာနေသည့်အတွက် ဒေသခံတို့က စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်စဥ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့လည်း စစ်ကောင်စီဘက် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်လည်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်ဖြစ်စဥ်လည်း မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts