spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးဘက်တွင် ညမထွက်ရအမိန့်အကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေ

    ရေးဘက်တွင် ညမထွက်ရအမိန့်အကြောင်းပြပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေ

    -

    စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်တွင် လက်နက်ကိုင်အဖွဲ့အချို့တို့က ဒေသခံများကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်ဖြစ်စဥ် ဆက်တိုက်ပြုလုပ်လာနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ညပိုင်းသွားလာနေသည့် ဒေသခံပြည်သူများကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းတချို့တို့က ညမထွက်ရအမိန့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ငွေဖြင့်လာရွေးခိုင်းနေသည်ဟု ဆိုသည်။

    စက်တင်ဘာလဆန်းပိုင်းက ကနင်ကမော့ရွာသားတစ်ဦးကို အမည်မသိလက်နက်အဖွဲ့တစ်ခုက ဖမ်းဆီးပြီး တစ်ညထိန်းသိမ်းထားကာ နောက်တစ်နေ့တွင် ပြန်လွှတ်ပေးရန် ငွေ ၅ သိန်း တောင်းခံခဲ့သည်ဟု ဖမ်းဆီးခံရပြီး ငွေပေးလွတ်မြောက်လာသူနှင့် နီးစပ်သည့် ကနင်ကမော့ဒေသခံတစ်ဦးက ပြောသည်။

    “ဖြစ်ပုံကတော့ ကားပျက်သွားလို့ ၆ (ညနေ) နာရီထိုးသွားတယ်။ အဲမှာ သူတို့ (အမည်မသိလက်နက်ကိုင်အဖွဲ့) က တစ်ည ထိန်းထားလိုက်တယ်။ မနက်ရောက်တော့ သူ့သမီးက သူ့အဖေ ပျောက်နေတာကို သွားစုံစမ်းကြည့်လိုက်တော့ ဖမ်းဆီးခံထားရတယ်ဆိုတာ သိတယ်။ ပြန်လွှတ်ဖို့ ငွေ ၅ သိန်းပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

    အလားတူ ခြံသွားရင်း ဖမ်းဆီးခံရတာ၊ တံငါးလုပ်ငန်း သွားရောက်လုပ်ကိုင်ရင်း ဖမ်းဆီးခံရသူများလည်းရှိနေပြီး ပြန်လွှတ်ပေးရန် တစ်ဦးလျှင် ကျပ် ၄ သိန်းပေးဆောင်ရသူရှိသလို ကျပ် ၅ သိန်းပေးပြီး ပြန်လွတ်လာသူများလည်းရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ဖမ်းဆီးခံရသူများ ပိုက်ဆံပေးရမည်ဖြစ်ပြီး မပေးလျှင် သတ်ပစ်မည်ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုလည်းရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြပြီး လုံခြုံမှုမရှိသည့်အခြေအနေဖြစ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    “အခုက ၅ နာရီကျော်ရင် ဘယ်မသွားရဲတော့ဘူး။ အရွယ်မရွေးဘူး သူတို့က ဖမ်းနေတာ။ သူတို့ ဖမ်းထားပြီးရင် ပိုက်ဆံပေးရတယ်။ မပေးရင် သတ်ပစ်မယ်ဆိုပြီး အဲလိုခြိမ်းခြောက်မှုတွေပါ ရှိတယ်။ ဘယ်အဖွဲ့ကလည်းတော့ သေချာမသိဘူး။ သူတို့က ဗမာစကားတွေပဲ ပြောကြတယ်” ဟု ကော့ချကျေးရွာခံတစ်ဦး ပြောသည်။

    ရေးမြို့နယ် ဒေသတွေကို နယ်မြေစိုးမိုးနိုင်ရေးအတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က စစ်ရေးအရှိန်တိုးမြှင့်လာသည့်နောက်ပိုင်း စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့သည်။

    စစ်အုပ်ချုပ်ရေးကြော်ငြာထားသည့် ရေးမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အပြင် အရပ်သားဖမ်းဆီးခံရသည့်ဖြစ်စဥ်၊ သတ်ဖြတ်ခံရသည့်ဖြစ်စဥ်များ မကြာခဏဖြစ်ပွားနေပြီး ခိုးမှု၊ လုယက်မှု၊ နေအိမ်ဖောက်ထွင်းခံရမှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks